ကော်ဖီခွက်နဲ့ လက်ဖက်ရည်ခွက်ကိုချပြီး
ရန်တိုက်ပေးထားတယ်…။
တွယ်ကြစမ်း…
နိုင်တဲ့ကောင်ကိုသောက်မယ်…
ဆိုက်ကိုဖောက်တယ်ဆိုတာ
နေရင်းထိုင်ရင်း ကြေကွဲနေတာမျိုးလား။
ဖယ်စမ်းကွာ…
စားပွဲပေါ်က ကော်ဖီနဲ့လက်ဖက်ရည်
နှစ်ခွက်လုံးကို မောင်းထုတ်လိုက်တယ်…
မသောက်ဖြစ်ပါဘဲ ဝယ်ထားမိတဲ့
အနီရောင်လေဘယ်ကို
စားပွဲပေါ် ပင့်ဖိတ်လိုက်မယ်…။
ပထမတစ်ခွက်…
မီးဖိနပ်စီးပြီး လည်ချောင်းထဲကို
နင်းဖြတ်သွားတဲ့ ခါးသက်ခြင်းများဟာ
ပြင်းရှရှနဲ့ အထိအတွေ့နဲ့…။
ရေမရောမိလို့ နောင်တမရဘူး
မျက်နှာကို နာနာကျည်းကျည်းမဲ့ပစ်လိုက်တယ်…
နှလုံးသားကတော့ မဲ့ခြင်းထက်ပိုပြီး
တွန့်ခေါက်ကြေမွနေလေရဲ့…။
ဘယ်တော့မှ ပြန်မရတော့မယ့်
နေ့ရက်တွေကို အရက်နဲ့
ဆင့်ခေါ်လို့ရကြေးလား…
အေး… ပြန်ခေါ်လို့မရရင်တောင်
မေ့ပစ်လို့တော့ရမယ်…
အရက်နဲ့ အလွမ်းမှာ
အလွမ်းက ပိုခါးသက်တယ်…။
ပိုပူလောင်တယ်…
ပိုပြီး မူးယစ်ရီဝေစေတယ်…။
ဒါကြောင့် အလွမ်းကိုသောက်ပြီး
အရက်နဲ့မြည်းမယ်…။
ဒုတိယတစ်ခွက်…
အခါးလျော့သွားတယ်…
အပူလျော့သွားတယ်…
မူးယစ်မှုကတော့ ပိုလာရော့မယ်…
တတိယ…
စတုတ်ထ…
နံရံကို စိုက်ကြည့်ရင်း
ခပ်တည်တည်နဲ့မေးလိုက်တယ်…
"မင်းနဲ့ ငါ့ခေါင်း ဘယ်ကောင်ပိုမာမလဲ”
ပြီးတော့ တဟားဟားရယ်မိပြန်ရော…
ရယ်သံမှာ ရှိုက်သံစွက်လာရင်း
မျက်ရည်တွေကျလာတယ်…
ငါ့မာနဟာ ငါ့ကို ဟန်ဆောင်ရယ်မောစေပြီး
ငါ့နှလုံးသားကတော့ ငါ့ကို ငိုကြွေးစေခဲ့ပြီ…။
ဝသန်…
မေဝသန်မိုး…
ရင်ဘက်က တက်တူးဟာ
ဒဏ်ရာတစ်ခုလိုနာလာတယ်…။
အခုချိန်အထိ သွေးစိမ်းရှင်ရှင်ကျ နေသလိုမျိုး
ဝေဒနာအသစ်သစ်တွေနဲ့ …။
ဟေ့လူ…
ခင်ဗျားလုသွားတဲ့ပန်းက
ကျုပ်နမ်းပြီးသားကြီးဗျ…
ခင်ဗျား သိရဲ့လား…
ဟမ်…
နွား…ခင်ဗျားက နွား…
လှည်ကျိုးထမ်းချင်တဲ့နွား…
ဟားဟား…
"သားရယ် … သားမကြိုက်တဲ့အရက်ကို ဘာကြောင့်များ ဇွတ်သောက်နေရတာလဲ…။တော်ရောပေါ့သားရယ်။
ဘယ်သူမှ မမှားခဲ့တဲ့ပွဲမှာ တရားခံမရှာပါနဲ့လားကွယ်။”
မကြားတော့ဘူး။မေမေ့အသံကို သားမကြားရတော့ဘူး။မေမေရေ… သားသာ ခေါင်းထူနိုင်သေးရင်
မေမေ့ကို ပြေးပြီး ပွေ့ဖက်မိမှာ။
ဒီညတော့ သားဒီစားပွဲမှာပဲ အိပ်မောကျတော့မယ်ထင်ပါရဲ့နော်။
(၁)
တစ်ခုသောမိုးရာသီ၊တိတိကျကျဆိုရရင် ၂၀၁၀ခုနှစ်ရဲ့ မိုးရာသီ ကျောင်းဖွင့်စရက်လေးမှာ ဝသန်ကို
ကျနော်စတွေ့ခဲ့တယ်။အဖြူအစိမ်းဝတ်ထားတဲ့
အချိုးကျကျကောင်မလေးတစ်ယောက်ဟာ ကျနော့်နှလုံးသားကို ဖောက်စားမယ့် သမန်းဝံပုလွေမလေးဖြစ်ခဲ့တယ်။မြင်မြင်ချင်းချစ်ပါတယ်လို့တော့ ကျနော်မညာချင်ဘူး။တစ်ပတ်လောက်ဆက်တိုက် ငေးစိုက်ကြည့်ပြီးနောက်မှာ သူ့ကို ကျနော် တော်တော်သဘောကျလာတယ်။
"ဟေ့ကောင် ထက်အောင်… ဝသန်ကို မင်းကြိုက်နေတာလား။”
ကိုးတန်းနှစ်ကတည်းက ခင်ခဲ့တဲ့ ကိုမျိုးက
ကျနော့်ကို မေးတယ်။
"ဆော်လေးက မဆိုးဘူးကွ။ဘော်ဒီလေးလည်း
ဂေါ်တယ်။ငါလိုက်တော့မယ်ကွာ။”
နှုတ်ကထွက်တဲ့စကားတွေက ကလက်ပေမယ့် ကျနော့်စိတ်ထဲသူ့ကိုမြတ်မြတ်နိုးနိုးစွဲလန်းခဲ့တာတော့အမှန်ပါ။ခပ်ရှက်ရှက် ရိုးရိုးသားသား ဖွင့်ဟရရင်
လူပျိုပေါက်အရွယ်ရဲ့ မှန်းဆစိတ်ကူးထဲ သူမရဲ့
ဝတ်လစ်စလစ်ခန္ဓာလေးပါလာတတ်တယ်။
ခွင့်လွှတ်ပါကွယ်။စိတ်ကူးလည်း ယဉ်မိသလို
စိတ်ကူးလည်းရိုင်းခဲ့မိပါတယ်။
ဆယ်တန်းတစ်နှစ်လုံး ကျနော်သူ့ကိုချဉ်းကပ်ကြိုးစားခဲ့တယ်။ကိုယ့်အကြောင်းကိုယ်ကြွားရရင်ကျနော်ကလည်းခပ်လန်းလန်းကောင်လေးဆိုတော့ သူမရဲ့ စိတ်ဝင်စားမှုနဲ့ မျက်နှာသာပေးမှုကို ပြန်ရခဲ့တယ်။ဒါပေမယ့် အဖြေတော့ ပြန်မရဘူး။
သူပြောတဲ့ စကားလေးက ထူးဆန်းခမ်းနားလွန်းလို့
ကျနော် နားမလည်ခဲ့ဘူး။
"ငါ့နှုတ်ကထုတ်ပြောမှ အဖြေမဟုတ်ဘူး။
နင်သိမှာပါထက်အောင်။နင်ငါ့စိတ်ကို ခံစားလို့ရမှာပါ။
ဒါပေမယ့် အဖြေတော့ထပ်မတောင်းနဲ့။
ထပ်ရှင်းအောင်ပြောရရင် "နင့်ကိုငါချစ်ပါတယ်”လို့ ငါတုံ့ပြန်မယ့်စကားကို ဆယ်တန်းမပြီးမချင်း
မမျှော်လင့်ထားနဲ့။ချစ်တယ်ဆိုတဲ့အဖြေဟာ စကားသက်သက်ဆိုရင် ငါအခုချက်ချင်း ပေးလို့ရတယ်။
ဒါပေမယ့် ချစ်တယ်ဆိုတဲ့အဖြေနောက်မှာ
နှောင်ကြိုးတွေပါတယ်။ချုပ်ကိုင်မှုတွေပါတယ်။
အခွင့်အရေးတောင်းဆိုမှုတွေပါတယ်။ဒါကြောင့် ငါမဖြေသေးဘူး။ငါတို့နှစ်ယောက်ချစ်သူမဟုတ်သေးဘူး။
ဒါပေမယ့် ငါ့ရင်ထဲ အခုဘာရှိတယ်ဆိုတာ
နင်သိသင့်ပါတယ်”တဲ့။
လက်မကိုင်ရ၊ပါးမနမ်းရ၊သဝန်မတိုရစတဲ့ စည်းကမ်းတွေထုတ်စရာမလိုအောင် သူအဖြေမပေးခဲ့တာလို့
ကျနော်သဘောမပေါက်ခဲ့ဘူး။
သူမက ကြောက်ရွံ့ရင်ခုန်နေတဲ့ ဆယ်ကျော်သက်နဲ့
မတူဘဲ ရဲရင့်ရင်ခုန်ရဲတယ် မိန်းမပျိုတစ်ယောက်လိုမျိုးပေါ့။
ဆယ်တန်းအောင်စာရင်းထွက်တော့ သူက ဂုဏ်ထူးလေးလုံးပါတယ်။ကျနော်က ဂုဏ်ထူးလက်မဲ့နဲ့။
ဆယ်တန်းမှာ အမှတ်များပေမယ့် သူမက သင်္ချာmajorကိုသာယူခဲ့ပြီး ကျနော်က Lawယူဖြစ်ခဲ့တာမို့ ဒဂုံတက္ကသိုလ်မှာ အတူတူတက်ဖြစ်ခဲ့တယ်။
မရှိမရှားမိဘနှစ်ပါးကို သိတတ်ဖို့ ကျနော်ဘယ်တုန်းကမှ မတွေးဖူးခဲ့။lawယူတယ်ဆိုတာလည်း ယူမိယူရာကို ယူခဲ့ခြင်းသာ။ဘာဖြစ်ချင်တယ် ညာဖြစ်ချင်တယ် ဆိုတဲ့ရည်မှန်းချက်မျိုး ကျနော့်မှာမရှိခဲ့ဖူးဘူး။
ဝသန်ရဲ့ချစ်သူဖြစ်ချင်တယ်လို့သာ ပြင်းပြင်းပြပြ
မျှော်လင့်ခဲ့ပါရဲ့။
သူ့ဆီက အဖြေကို ဆယ်တန်းပြီးစကတည်းက
ရခဲ့ပြီးသား။ဒါပေမယ့် သူကို ကျနော် ဖမ်းမိတယ်လို့
မခံစားခဲ့ရဘူး။
တက္ကသိုလ်တက်တဲ့ ပထမနှစ်ကာလတွေမှာ ပန်းခြံထက်ပိုပြီး ဘယ်မှ မရောက်ဖြစ်ခဲ့ဘူး။
ဒုတိယနှစ်မှာတော့ ရုပ်ရှင်ရုံနောက်ဆုံးတန်းကို
ကျနော် ခေါ်ဆောင်နိုင်ခဲ့တယ်။
ဒုတိယနှစ်မှာ သူ့ရဲ့ခွင့်ပြုမှုက ခါးအထက်ပိုင်း
အထိအတွေ့ပါပဲ။ကျနော့်ရဲ့ အထွေးအပွေ့မှာ သူယစ်မူးမြောပါနေသည့်တိုင် သူ့သတိက သူ့ကို ထိန်းကြောင်းနေဆဲ။ကျနော့်ရဲ့လက်ချောင်းတွေဟာ ခါးအောက်ပိုင်းကို နယ်ကျွံဖို့ ကြိုးစားတိုင်းမှာ သူ့က ခါးသက်သက်အကြည့်တွေနဲ့သာတုံ့ပြန်တယ်။သေချာပါပြီ။သူမကကျနော်ခေါ်ရာလိုက်မယ့်သူမျိုးမဟုတ်။သူ့သဘောနဲ့သူသာ လိုက်ပါမည့်နေ့ရက်ကို ထိုင်စောင့်ရုံပေါ့လေ။
"နင့်ငါ့ကို မချစ်ဘူးလား ဝသန်ရယ်။”
"မဆိုင်ဘူးထက်အောင်ရယ်။နင့်ကို မချစ်လို့
ခွင့်မပြုတာမဟုတ်ဘူး။နင့်ရဲ့အထိအတွေ့ဟာ
ငါ့ကို သာယာစေမှာကို ငါအတိအကျသိတယ်။
ဒါပေမယ့် အဲ့ဒိသာယာမှုကို ခံစားဖို့
ငါမထိုက်တန်သေးဘူး။ငါ့အသိဥာဏ်၊ငါ့အသက်အရွယ်က ဒီအပျော်ကို ခံစားဖို့ မထိုက်တန်သေးဘူး။
တစ်နေ့ပေါ့ထက်အောင်ရယ်။ငါ့ခြေထောက်ပေါ်ငါရပ်နိုင်ပြီလို့ ယုံကြည်တဲ့တစ်နေ့မှာ နင့်အထိအတွေ့တွေကို ငါရယူချင်ပါတယ်။ဘာနှောင်ကြိုးမှမပါသလို ဘာကတိမှ တောင်းမှမဟုတ်တဲ့ သဘောတူခြင်းမျိုးနဲ့။”
"အဲ့ဒါဘယ်တော့လဲ။”
"သေချာတာတော့အခုမဟုတ်ဘူး။”
"အေးပါ။ငါ့တောင့်တမှုတွေကို နင်နားလည်ပေးနိုင်မယ်လို့ ငါမျှော်လင့်ပါတယ်.”
"ထက်အောင်ရယ်။ယောကျာ်းတစ်ယောက်ဟာ ၁၂နှစ်ကျော်လောက်ကတည်းက အခွင့်အရေးရရင် လိင်ဆက်ဆံချင်တဲ့ ရမ္မက်ကရှိနေကြတာမျိုးလေ။
ငါနားလည်ပါတယ်။နင့်ငါ့အပေါ်ဘာစိတ်ရှိတယ်ဆိုတာလည်း ငါသိတယ်။အဲဒီအတွက် နင်အားနာဖို့
မလိုဘူး။ဒါပေမယ့် ငါ့အနေနဲ့တော့ ဒီအပျော်ကို မယူရဲသေးဘူး။ဒါကို နင်ပြန်နားလည်ပေးဖို့လိုတယ်။”
"ဖုန်း… ဖုန်းနဲ့ရော နင့်ဆီက ငါယူလို့ရမလား”
ဝသန်က ကျနော့်ကို အပေါ်စီးက ပြုံးပြီးကြည့်သည်။
"နင့်က ဖုန်းနဲ့ တစ်တစ်ခွခွတွေ ပြောမလို့ပေါ့လေ။
ဟုတ်လား”
သူက မရှက်တော့ ကျနော်ကပဲ ရှက်သွားရသည်။
"အဲ့သဘောပဲပေါ့ ဝသန်ရယ်။ငါ့ကို ယစ်မူးလှုပ်ခက်စေမယ့် နင့်အသံလေးကို ငါကြားချင်မိတယ်။”
ဝသန်က ဟက်ဟက်ပက်ပက်ရယ်ပြီး
"ထက်အောင်… Sex talk ပေးချင်တာကိုများကဗျာ
ဆန်ပြနေသေးတယ်။အေးပါ။ငါစဉ်းစားဦးမယ်။
နင် heatတက်ပြီး အငွေ့စားရာက အတွေ့စားဖို့ပါ
မတောင်းဆိုလာဖို့တော့ နင့်ဖာသာ နင်ထိန်းနော်။”
ဒီလိုနဲ့ တတိယနှစ်အရောက်မှာ သူနဲ့ကျနော်နဲ့
စကားလုံးတွေကြားမှာပဲ ယစ်မူးပျော်ရွှင်ခဲ့ရတယ်။
Hand freeနဲ့ ပြောတာမို့ ကျနော့်လက်တွေအားနေတယ်လေ။သူရော ကျနော့်လို သာယာမှုကို ရှာတယ်။
ဘယ်သူကိုမှ ဖွင့်မပြောဖြစ်တဲ့ ကျနော်တို့နှစ်ယောက်ရဲ့ အမှောင်နယ်ပေါ့လေ။ဝသန်တားမြစ်ထားတဲ့ စည်းကို ကျနော် အသည်းအသန်ကျော်ချင်ခဲ့ပေမယ့် သူက တည်ငြိမ်ပြတ်သားသူမို့လို့လည်း ရှေ့ဆက်တက်ခွင့် မရခဲ့။
နောက်ဆုံးနှစ်ရောက်တဲ့အခါမှာတော့ ဝသန်က
ပိုတည်ငြိမ်လာတယ်။သူကျနော့်အပေါ် ရစ်တာတွေ
ကောက်တာတွေ မရှိတော့သလို ကျနော့်အပေါ်လည်း
သွေးအေးနေသလို ခံစားလာမိတယ်။
ကျနော်က သူ့နှလုံးသားကို အခုချိန်ထိ ဖမ်းမမိသေးဘူး။သူက အချစ်မှာတိမ်းမှောက်ယစ်မူးမယ့်
မိန်းကလေးမျိုးမဟုတ်ဘူးထင်ပါရဲ့။
သူက သွေးအေးလာတဲ့အခါ ကျနော်က
သွေးပူလာခဲ့တယ်။
"ဝသန် … နင် အသစ်တွေ့နေပြီလားဟာ။”
"ဘာလို့အဲ့လိုမေးတာလဲ မောင်”
ဟုတ်တယ်။သူကျနော့်ကို မောင်လို့ ခေါ်တာ
နောက်ဆုံးနှစ် အစကတည်းကပဲ။
"နင်ငါ့အပေါ် သွေးအေးနေသလိုပဲ။”
"အရင်လို မောင်လို့ပဲ သုံးပါမောင်ရယ်။
ဝသန် ဘာများအမှားလုပ်မိလို့လဲ။”
"မောင် ပြီးခဲ့တဲ့လကတည်းက ဝသန်နဲ့စကားပြော
ရတာ အဆင်မပြေတော့ဘူး။ဝသန် မောင့်ကို
အချိန်မပေးနိုင်တာကြာနေပြီနော်။
ဝသန်နဲ့ ရန်ဖြစ်ဖို့ မောင့်မှာ အင်အားမရှိလို့ မောင် မြိုသိပ်ထားရတာ။ဝသန်ဘာတွေ အလုပ်များနေတာလဲ။
မောင့်ထက်များ ပိုအရေးကြီးတာတွေရှိနေလား။”
ဝသန်က ကျနော့်ကို မျက်နှာလွှဲလိုက်ပြီး
"ရှိတယ်မောင်။မောင့်ထက်အရေးကြီးတာတွေ
အများကြီးရှိတာပေါ့။အထူးသဖြင့် ဝသန်ရဲ့ရည်မှန်းချက်က မောင့်ထက်ပိုအရေးကြီးတယ်။
ဝသန်လူမှုသင်္ချာဆိုတဲ့ စာတမ်းတစ်ဆောင်ပြုစုနေတယ်။ဝသန်စိတ်အရမ်းနှစ်ပြီးလုပ်နေတာမောင်။
စကြဝဠာကိုလေ့လာဖို့ သင်္ချာနဲ့အစပြုပြီးရှာဖွေခဲ့ကြတယ်။
လူမှုနယ်ပယ်ကိုလည်း သင်္ချာနဲ့ အဖြေထုတ်လို့ရမယ်လို့ ဝသန်ကယုံကြည်နေတယ်။
Sorryပါမောင်။မောင့်ထက်ပိုအရေးကြီးတယ်လို့
ဝသန်ပြောမိလို့ မောင့်ကို တောင်းပန်ပါတယ်။
ဒါပေမယ့် အဲ့ဒါအရှိတရားပဲ။မောင်လက်ခံရဲဖို့
လိုတယ်။ဒါနဲ့ မောင့်မှာရော ရည်မှန်းချက်မရှိဘူးလား။”
"ရှိတယ်။မောင့်ရည်မှန်းချက်က ဝသန်ရဲ့အချစ်ကို
အပြည့်အဝရဖို့ပဲ”
"မောင်ရယ်”လို့ ရေရွတ်ပြီး သူကျနော့်ကို
လှမ်းဖက်သည်။ကျနော်ပြန်ဖက်ဖို့အလုပ်မှာ
သူက လူချင်းပြန်ခွာပြီး
"ဒီမှာမောင်။ ရည်မှန်းချက်ဆိုတာ သေချာရတယ်။
တိကျရတယ်။တပါးသူရဲ့ ဆုံးဖြတ်ချက်အပေါ် မှီခိုထားရတဲ့အရာဟာ ရည်မှန်းချက်မဟုတ်ဘူး။
အဲ့ဒါ မျှော်လင့်ချက်အဆင့်ပဲရှိတယ်။
ဝသန်ပြောတဲ့ မောင့်ရည်မှန်းချက်ဆိုတာ မောင့်ဘဝရပ်တည်မှုအတွက် ရွေးချယ်မယ့် အသက်မွေးဝမ်းကျောင်းကို မေးနေတာ။”
"မရှိသေးဘူးဝသန်။ဝသန်ကိုပိုင်ဆိုင်ဖို့ပဲ မောင်အရင်တွေးတယ်။ကျန်တာတွေ မောင်မစဉ်းစားသေးဘူး။
ဝသန်ကိုမှ မရရင် မောင်က ရှင်သန်နိုင်မယ်တောင်
မထင်ဘူး။”
"မောင်ရယ်…။အဲ့လို စကားတွေမကျွံနဲ့။ ဝသန်မကြိုက်ဘူး။အဲ့ဒိစကားဟာ မောင့်အတွက်ရော ဝသန်အတွက် ရော အဆိပ်သင့်မယ့်စကားကြီး။”
"ဘာဖြစ်လို့လဲ ဝသန်ရဲ့။”
"မောင်စဉ်းစားကြည့်ကွာ။အကယ်၍ မောင်နဲ့ ဝသန်လမ်းခွဲခဲ့ရင် မောင်က suicide လုပ်မလို့လား။
မောင်မလုပ်ဖြစ်ရင် ကိုယ့်စကားနဲ့ ကိုယ်ပိမယ်။
အကယ်၍ မောင်တကယ် suicideလုပ်ရင်လည်း
ဝသန်ဟာ လူသတ်သမားဖြစ်ရဦးမယ်။
မတရားဘူးမောင်။မောင့်စကားဟာဝသန်ကို ကြိုးတစ်ချောင်းလို ချည်နှောင်ထားမှာ။”
"ဝသန်က မောင်နဲ့ လမ်းခွဲဖို့တွေးနေပြီလား။”
"ဟင့်အင်း မတွေးပါဘူး။ဒါပေမယ့် လက်ထပ်ဖို့လည်း
မတွေးထားသေးဘူး။”
သူစကားသံဟာနွေးထွေးသည့်တိုင် ဝေါဟာရတွေက အေးစက်စက်နဲ့။ကျနော်က သူ့ကို အဝေးကြီးက ကြည့်နေရသလို ဆွေးဆွေးမြေ့မြေ့နဲ့ငေးနေမိတယ်။
အဲ့ဒိအချိန်မှာ ရုတ်တရက်ကြီး
သူက စပြီးကျနော့်နှုတ်ခမ်းကို နမ်းတယ်။မွတ်မွတ်သိပ်သိပ် နမ်းတဲ့ အနမ်းမျိုးနဲ့ပေါ့။မတ်တပ်ရပ်ရင်း နမ်းနေဆဲမှာ သူလက်တွေက ကျနော့်လက်တွေကို ဆုပ်ကိုင်လိုက်ပြီး သူ့တင်ပါးပေါ် တင်ထားစေတယ်။သူ့လက်တွေကလည်း ကျနော့် ပစ္စည်းကို ဘောင်းဘီပေါ်ကနေ ပွတ်သပ်နေရဲ့။ကျနော်လည်း သူ့တင်ပါးပြည့်ပြည့်လေးကို အားနဲ့ ဆုပ်နယ်နေမိတယ်။သူ့လည်ပင်းကို ငုံ့နမ်းတော့
သူလည်တိုင်လေးမော့သွားပြီး ယစ်မူးခံစားနေတယ်။
ကျနော့် ရှေ့တက်ဖို့ ကြိုးစားချင်ပေမယ့် သူအလိုအတူအလိုပါ စပေးတဲ့အခွင့်အရေးလေး ရပ်တန့်သွားမှာစိုးလို့ သူသွားတဲ့နောက်ကိုပဲ လိုက်နေမိတယ်။
သူ့ခရီးဆုံးက ဘယ်အထိများလဲ။
ကျနော်သူ့ နောက်ကိုလိုက်နေမှန်း သူရိပ်မိသွားတော့
သူခွင့်ပြုမယ့်ပမာဏကို သူကပဲ ရွေးချယ်နေတယ်လေ။ကျနော့်ဘောင်းဘီကို ဇစ်ဖြုတ်ဖို့ သူကြိုးစားနေတယ်။သူ့မျက်လုံးတွေကတော့ မှိတ်ထားလျက်ပဲ။
နောက်ပြီး သူ့လက်ဖဝါးနုနုနဲ့ ဆုပ်ကိုင်ပေးတယ်။
ရှေ့တိုးနောက်ဆုတ်နဲ့ပေါ့။မစခင်ကတည်းက ဆုံးချင်နေတဲ့ ကိုယ့်ကိုယ်ကိုပဲ စိတ်နာရပါတယ်။
၃မိနစ်လောက်အကြာမှာပဲ ကျနော်ပြီးဆုံးသွားတယ်။
သူ့လက်ကိုပေသွားစေလို့ ကျနော်အရမ်းအားနာမိတယ်။
သူက ကျနော့်နားနားကို ကပ်ပြီး ဆွဲဆောင်မှုရှိလွန်းတဲ့ အသံလေးနဲ့ပြောတယ်။
"မြန်လိုက်တာ။ဒါပေမယ့် standard sizeပဲ”တဲ့။
စနောက်နေမှန်းသိလျက်နဲ့ ကျနော်ရင်ခုန်နေရတယ်။
ဒါသူ ကျနော့်ကို နှစ်သိမ့်လိုက်တာလေ။
ကျနော်က သူ့ရည်မှန်းချက်လောက် အရေးမကြီးဘူးဆိုတဲ့စကားအတွက် သူကျနော့်ကို နှစ်သိမ့်လိုက်တာ။
အဲဒိနေ့ညမှာ သူနဲ့ကျနော် ဖုန်းပြောဖြစ်တယ်။
တစ်တစ်ခွခွစကားတွေနဲ့ပေါ့။သူကတော့ ပြီးမပြီးမသိပေမယ့် ကျနော်ကပြီးသွားတယ်။
နှုတ်ဆက်ခါနီးကျတော့ သူက ဒီလအတွင်း ဖုန်းမပြန်နိုင်ခဲ့ရင် နားလည်ပေးဖို့ တောင်းဆိုတယ်။
ဝသန်ဟာ ကျနော်နဲ့ အရင်းနှီးဆုံးအမျိုးသမီးတစ်ဦးဖြစ်သလို ကျနော် နားမလည်နိုင်ဆုံးအမျိုးသမီးတစ်ဦးလည်း ဖြစ်ခဲ့တယ်။သူဟာ အပျိုစင်တစ်ယောက်ဖြစ်နေသေးတယ်ဆိုတာ ကျနော်ယုံတယ်။ဒါပေမယ့် သူက သိပ်ရဲတင်းလွန်းနေသလား။အထင်သေးတာမဟုတ်ပေမယ့် ကျနော်အံ့သြရတယ်။ကျောင်းပြီးတဲ့နောက်မှာ ကျနော်က ရှေ့နေလိုင်စင်ရဖို့ ချိန်ဘာဆင်းတယ်။
သူမကတော့ မဟာဘွဲ့ထပ်ယူဖို့ကြိုးစားရင်းနဲ့ သူ့အဖေမိတ်ဆွေရဲ့ companyတစ်ခုမှာ မန်နေဂျာရာထူးနဲ့ အလုပ်ဝင်တယ်။ရဲရင့်ထက်မြတ်တဲ့ အမျိုးသမီးတစ်ဦးမို့လို့လည်း ယုံကြည်အပ်နှင်းခံရတယ်ထင်ပါရဲ့။
များသောအားဖြင့် ကျားသစ်မလေးလို ဖြစ်ပေမယ့် ရံဖန်ရံခါမှာ ယုန်မလေးတစ်ကောင်လို ဝမ်းနည်းတတ်သေးတယ်။တစ်ခါတစ်လေ တီတီတာတာပြောတဲ့အခါ ကျနော့်မှာ သိပ်မြတ်နိုးရတယ်။သိပ်ပြီး အသည်းယားရတယ်။သူအလုပ်အကိုင်အဆင်မပြေတဲ့အခါ ကျနော့်ကို ရင်ဖွင့်တယ်။ဒီလိုနဲ့ သူနဲ့ကျနော်ရဲ့ ချစ်သူသက်တမ်း ၇နှစ်ပြည့်တဲ့နေ့မှာ အတူနေဖို့ သူသဘောတူခဲ့တယ်။သူ့ဆီက ကျနော် ဖုန်းပြောရင်း တောင်းဆိုတဲ့နေ့မှာ သူပြောတဲ့စကားတွေက အမှတ်ရစရာတွေပါပဲ။
အဲ့နေ့က…
"Hello မောင် ”
"မောင်တို့ ချစ်သူသက်တမ်း ၇နှစ်ပြည့်တော့မယ်နော်။အဲ့ဒိနေ့ကျရင် မောင်အရမ်းမျှော်လင့်နေတဲ့အရာကို
ဝသန်ပေးမှာလားဟင်”
"မောင်… အမှတ်တရနေ့စွဲတစ်ခုအဖြစ်တော့
အဲ့ဒိနေ့ကို ဝသန်ရွေးချယ်ချင်ပါတယ်။
ဒါပေမယ့် ဒါမောင့်ကို ပေးတယ်လို့ ဝသန်မယူဆဘူး။
မောင့်ကိုလည်း မယူဆစေချင်ဘူး။
ဒါဟာ ပေးဆပ်မှုတစ်ခုမဟုတ်ဘူး။
ဒါက သဘောတူမှုတစ်ခုပါမောင်။
ဝသန်တို့ အတူနေပြီးတဲ့အခါ မောင့်စိတ်ထဲမှာ ဘာကြောင့်မှ မလေးလံပါနဲ့။ဘာကြိုးနဲ့မှလည်း မချည်လိုက်ပါနဲ့။ဝသန်ကလည်း မချည်နှောင်ချင်သလို ဝသန်ကို ချည်နှောင်တာမျိုးလည်း ဝသန်မလိုချင်ဘူး။”
"မောင် ဝသန်ပြောတာကို နားမလည်ဘူးဝသန်။”
"အဲ့ဒိနေ့မှာ မောင်နဲ့အတူနေဖို့
ဝသန်သဘောတူတယ်မောင်။
အဲ့ဒိနေ့အတွက်ပဲ သဘောတူတာပါ။
နောက်နေ့ နောက်နေ့တွေမှာ ရပိုင်ခွင့်တစ်ခုလို မောင် လာတောင်းမှာကို ဝသန်မလိုလားဘူး။
ဒဲ့ပြောမယ်မောင်ရယ်။မိန်းမတစ်ယောက်ကို ပါကင်ဖွင့်ပြီးရင် ငါပိုင်ပြီလို့ မောင်ယူဆလိုက်မှာကို ဝသန်မလိုချင်ဘူး။နောက်ထပ်နေဖြစ်ဖို့ ဆိုရင် နောက်ထပ် ညှိနှိုင်းမှုတွေ ထပ်လိုမယ်။ဝသန်သဘောတူတဲ့အခါလည်း ရှိမယ်။ငြင်းဆန်တဲ့အခါလည်းရှိမယ်။အဲ့ဒိအခါကျရင် မောင်နားလည်ပေးဖို့လိုမယ်နော်။”
"ဘာလို့ ဝသန်က ဒီလိုပြောတာလဲ”
"လိုအပ်လို့ပေါ့မောင်ရယ်။လိုအပ်လို့ပေါ့။မဖြစ်ခင်က မုန်းစကားဆိုရမယ်မောင်။ဝသန်က ဒီအပျော်ကို ရူးရူးမိုက်မိုက်နဲ့ စိတ်လွတ်ပြီး ခေါင်းငြိမ့်တာမဟုတ်ဘူး။တည်တည်ငြိမ်ငြိမ်နဲ့ တွေးတောပြီး လက်ခံတာပါ။ဒါဝသန်ရဲ့ first timeဆိုပေမယ့် ဝသန်တွေးကြောက်မနေဘူး။ဒါပေမယ့် ရင်ခုန်နေတယ်။ဝသန်ကိုယ်တိုင်လည်း မောင့်အပေါ်တပ်မက်မှုရှိတယ်မောင်။
ဝသန်ပွင့်လင်းရဲပါတယ်။”
အဲ့ဒိညက တည်တည်ငြိမ်ငြိမ်နဲ့ စကားတွေပြောဖြစ်ခဲ့သလို မြောလွင့်နေရင်းနဲ့လည်း စကားတွေပြောဖြစ်ခဲ့တယ်။ကျနော်ကတော့ အဲ့ဒိနေ့လေးကို လက်ချိုးရေရင်း ရင်မောစွာ စောင့်စားနေခဲ့တယ်။
(၂)
ဂျင်းဘောင်းဘီနှင့် တီရှပ်ကို သာရိုးရှင်းစွာဝတ်ဆင်ထားပေမယ့် ခပ်ကြပ်ကြပ်လေးတွေမို့ သူ့ကိုယ်ခန္ဓာအလှဟာ လင်းထင်းလှပနေတယ်။
လက်သည်းမဆိုးထားတဲ့ ရှည်သွယ်သွယ်လက်ချောင်းလေးတွေ၊မိတ်ကပ်ပါးပါးနဲ့ ခပ်ရှင်းရှင်းမျက်နှာသွင်ပြင်၊ ခေါင်းဆီးကြိုး နဲ့ဆီးထားတဲ့ ဆံနွယ်များ
ဒါတွေအားလုံးဟာ ကျနော့်အတွက်တော့ ရိုးရှင်းခမ်းနားတဲ့ အလှတရားတွေချည်းပဲ။
ဟော်တယ်မသွားခင် ကော်ဖီဆိုင်ထိုင်ဖြစ်ကြသေးတယ်။တစ်ယောက်ကိုတစ်ယောက် အဓိပ္ပါယ်ကိုယ်စီနဲ့ ငေးစိုက်ကြည့်ခဲ့ကြတယ်။ဒီတစ်ခါမှာတော့ သူကအရင် ခေါင်းငုံ့သွားလေရဲ့။
Hotel reception ကိုရောက်တော့ သူနည်းနည်း
တုန်လှုပ်နေသလိုပဲ။ဘယ်သူမှ သတိထားမိမှာမဟုတ်တဲ့ ဟန်ပျက်မှုလေးပါ။သူ့ဆံစတစ်ပင်ချင်းစီကအစ
ရင်းနှီးနေတဲ့ကျနော်ကတော့ သူဟန်ပျက်နေတာကို သတိထားမိခဲ့တယ်။
အခန်းထဲရောက်တော့ သူရေထပ်ချိုးတယ်။
ကျနော့်ကိုလည်း ချိုးခိုင်းတယ်။
ပြီးတော့ ဝိုင်အတူထိုင်သောက်ပြီး သူ့ကို ဘယ်လိုချစ်ကြောင်း ကျနော် ထပ်ပြောတယ်။
လက်ထပ်ဖို့စကားစတဲ့အခါ သူကစကားလွှဲပြီး
ခေါင်းစဉ်ပြောင်းတယ်။ဝိုင်သောက်ရင်း လုံလောက်အောင် ရီဝေလာကြတဲ့အခါ အနမ်းနဲ့ အခမ်းနားကို
စတင်ဖွင့်လှစ်ခဲ့တယ်။
ရှက်ရွံ့တုန်လှုပ်နေတဲ့ အမျိုးသမီးကို ကျနော်မတွေ့ခဲ့ရဘူး။ရဲရင့်ရင်ခုန်နေတဲ့ အမျိုးသမီးကသာ ကျနော့်ဦးဆောင်မှုကို အမီလိုက်နေခဲ့တယ်လေ။
ကျနော့်အနမ်းတွေဟာ သူ့ခန္ဓာကိုယ်အနှံ့
စီးဆင်းနေသလို သူကလည်း ကျနော့် ခါးအထက်ကို
ပြန်နမ်းပေးခဲ့တယ်။First timeဆိုတော့ ဒီလောက်ပမာဏဟာ ကျနော်မျှော်လင့်ထားတာထက်
အများကြီး ပိုခဲ့ပါတယ်။ကြိုတင်ပြင်ဆင်ခဲ့တာမို့လို့လည်း ကျနော့်စွမ်းဆောင်ရည်က မညံ့ခဲ့ဘူး။
သူ့ကို ကျေနပ်စေခဲ့တယ်။တတိယအချီ အထိ လက်ပန်းမကျဘဲ စိန်ခေါ်ထိုးသတ်ခဲ့တဲ့ပွဲမှာ သူက အရှုံးပေးချင်ယောင်ဆောင်ခဲ့တယ်လေ။သူမရဲ့ ဝတ်လစ်စလစ် ခန္ဓာကိုယ်လေးကို ဖက်ထားရင်း တစ်သက်စာ.သိမ်းပိုက်လိုစိတ်တွေ ဖြစ်လာခဲ့ပေမယ့် ကျနော်ဖွင့်မပြောဖြစ်ခဲ့သလို သူကလည်း မကြားချင်လောက်ပါဘူး။
"မင်းအကြောင်းလေးတွေးရင်
ကိုယ့်ရဲ့ လျှာက ငံငံလာတယ်။
ဆံချည်မျင်ကစလို့
ဖဝါးအောက်က မြေမှုံလေးအထိ
ကိုယ်တပ်မက်မိပါရဲ့…။
မြတ်နိုးမှုနဲ့ တက်မက်မှုပေါင်းစပ်တဲ့အခါ
အဖြေကဘာဖြစ်မလဲဆိုတာ
မင်းလည်းသိတယ်။
ကိုယ်လည်းသိတယ်။
ရမ္မက်သက်သက်နဲ့တော့
ကိုယ်မင်းကို မပွေ့ဖက်ပါဘူး…။
မြတ်နိုးတမ်းတရင်း
အနမ်းဖွဖွနဲ့ ဒီခရီးကိုစမယ်…။
အဆုံးမှာ ကြမ်းတမ်းမောပမ်းစွာနဲ့…
ကိုယ်တို့ ငြိမ်သက်ကြဦးမယ်…။
အဲ့ဒိနောက် မင်းရဲ့မေးစေ့လေးကိုဆွဲရင်း
သိပ်ချစ်တယ်လို့
စူးစူးနင့်နင့်ပြောမယ်…။
အပြာရောင်ချစ်ညမှာ
နူးညံ့တဲ့အမိန့်တော်အောက်
တို့ရောက်ရှိခဲ့ကြပေါ့…။”
ဒီကဗျာလေး ရေးပြတော့ သူတခစ်ခစ်နဲ့ရယ်တယ်။
"မောင်ရယ် ပေါက်ပေါက်ရှာရှာရေးတတ်လိုက်တာ”တဲ့။ပျော်ရွှင်ကြည်နူးရခြင်းတွေဟာ အဓွန့်မရှည်နိုင်ပါ့မလား။သူ့နာမည်လေးကို ဘယ်ဘက်ရင်အုံမှာ ဆေးမင်ထိုးဖြစ်ခဲ့တယ်။အခါအခွင့်သင့်လို့ အတူနေဖြစ်တဲ့တစ်နေ့မှာ ကျနော့်ရဲ့ ဆေးမင်ကို သူမမြင်သွားတော့ မျက်နှာလေး ညှိုးသွားတယ်။ကျနော် မျှော်လင့်ခဲ့တာက သူမရဲ့ အံ့သြပျော်ရွှင်မှုလေ။
ဒါပေမယ့် ရင်ဘက်ကဆေးမင်ဟာ မသေချာသေးဘဲ ချူပ်ဆိုလိုက်တဲ့ စာချုပ်တစ်ခုသာဖြစ်ကြောင်း သူမက ပြောတယ်။လူချင်းပူးကပ်နေပေမယ့် ဘဝတွေ အဝေးကြီးဝေးသွားသလို ကျနော်ခံစားရတယ်။
သူနဲ့ အတူနေပြီး သုံးနှစ်အကြာမှာ သူနဲ့ကျနော် ပြတ်စဲခဲ့တယ်။မပြတ်ခင်ကာလတွေမှာ နှစ်လခြား၊
သုံးလခြားလောက်သာအတူနေခွင့်ရခဲ့တယ်။
သူနဲ့ကျနော်က ရုတ်တရက်ပြတ်စဲခဲ့တာတော့
မဟုတ်ဘူး။တတိတိနဲ့ ပျက်သုဉ်းခဲ့ခြင်းသာ။
မပြတ်ခင် တစ်နှစ်အလိုမှာ ကိုမင်းသစ်ဆိုတဲ့လူကို ကျနော်စသိခဲ့တယ်။သူက ဝသန်ရဲ့ လေးစားမှုကို
ခံယူနေတဲ့လူတစ်ယောက်။
ဝသန်နဲ့အတူ လူမှုသင်္ချာဆိုတဲ့စာတမ်းကိုပြုစုခဲ့တဲ့သူပေါ့။စာတမ်းဟာလည်း အထိုက်အလျောက် အောင်မြင်ခဲ့တယ်။ဝသန်စကားပြောတိုင်း ကိုမင်းသစ်အကြောင်းအမြဲပါတာမို့ ဒီလူ့ကို ကျနော်က မဆုံဖူးခင်ကတည်းက ရင်းနှီးနှင့်ပြီးသားပေါ့။
"ခင်ဗျား ဝသန်ကိုကြိုက်နေတာလား ကိုမင်းသစ်။”
ဘီယာဆိုင်မှာ ချိန်းဆိုကြတာမို့ ဘီယာခွက်လေး ကိုယ်စီကိုင်ရင်း လေသံပျော့ပျော့သုံးပြီး ခပ်ရင့်ရင့်မေးလိုက်တယ်။
"သဘောကျတာ၊လေးစားတာပါ ကိုထက်အောင်။
ကျနော်က ဝသန့်ကိုတော်တော် သဘောကျနေတာ။”
"ကြိုက်တယ်ဗျာ။ခင်ဗျားက ဒဲ့ဆိုတော့
ကျနော်ကလည်း ဒဲ့ပဲပေါ့။
ခင်ဗျား ကြာကူလီဇာတ်ခင်းနေတာ ခင်ဗျားကို ခင်ဗျားသိရဲ့လား။ဝသန်က ကျနော့်ချစ်သူဆိုတာရော
ခင်ဗျားသိတယ်မဟုတ်လား။”
"ကျနော် ဝသန်နဲ့ ခင်နေတာ ရှစ်နှစ်လောက်ရှိပြီကိုထက်အောင်။သူပထမနှစ်ကတည်းက ကျနော်နဲ့ခင်နေတာ။ကျနော့်ထက် ၆နှစ်လောက်ငယ်ပေမယ့် အဲဒိအချိန်ကတည်းက ဝသန်ကို ကျနော်လေးလေးစားစား
ဆက်ဆံခဲ့တယ်။ခင်ဗျားနဲ့ရည်းစားစဖြစ်ကာစကတည်းက ကျနော်ဝသန့်ကို သိနှင့်နေတာ။”
"ကျနော့်ကို ဝသန်မပြောပြဘူး။”
"မလိုအပ်ဘူးလေကိုထက်အောင်။သူ့ပါဆင်နယ်တိုင်းကို ခင်ဗျားကို ပြောပြဖို့ မလိုအပ်ဘူး။
သူနဲ့ကျနော်က လောလောဆယ်အထိတော့ မိတ်ဆွေအဆင့်ထက်မပိုပါဘူး။ဒါပေမယ့် နက်ရှိုင်းတဲ့ မိတ်ဆွေအဆင့်ပေါ့ဗျာ။”
"ခင်ဗျားကြောင့် သူကျနော့်ကို လမ်းခွဲတော့မယ်ဗျ”
ကျနော်ပြောရင်း မျက်ရည်ဝဲလာသည်။
ကျနော်သာလူမိုက်တစ်ယောက်ဆိုရင် ဒီလူ့ခေါင်းကို
ရိုက်ခွဲလိုက်ချင်တယ်။
"မဟုတ်ဘူးကိုထက်အောင်။ကျနော်သာ ရှိမလာရင်လည်း ဝသန်က ကိုထက်အောင်ကို လက်ထပ်မှာ မဟုတ်ဘူး။ဝသန်က ကိုထက်အောင်ကို ဘယ်တော့
လမ်းခွဲမယ်ပြောလဲ”
"ကျနော် ဆန္ဒအရ ကြိုက်တဲ့အချိန်လမ်းခွဲခွင့်ရှိတယ်။
သူဆန္ဒအရတော့ ဆယ်နှစ်ပြည့်တဲ့နေ့မှာ လမ်းခွဲမယ်တဲ့ဗျာ”
"အချိန်တစ်နှစ်ကျန်သေးတာပဲဗျာ။”
"ဘယ်တော့မှ ပိုင်ဆိုင်ခွင့်မရဘူးဆိုတာသိကတည်းက ကျနော်နာကျင်နေရပြီကိုမင်းသစ်။
ကျနော့်ကို ပြောစမ်းပါဗျာ။ဝသန့်ကို ခင်ဗျားလက်ထပ်မှာလား။”
"ဝသန့်ကိုလက်ထပ်မယ်လို့တော့ ကျနော် ယတိပြတ်
မပြောနိုင်သေးဘူး။ဒါပေမယ့် ကျနော်လက်ထပ်ချင်တဲ့ အမျိုးသမီးကတော့ ဝသန့်လို typeမျိုးပဲ”
"ဒီတစ်နှစ်အတွင်း ဝသန့်အနားကနေ ရှောင်ပေးနိုင်မလား ကိုမင်းသစ်။သူခင်ဗျားအပေါ် စိတ်ယိုင်နေတယ်လို့ ကျနော်ထင်တယ်။ခင်ဗျားသာမရှိရင် သူကျနော့်ကို စိတ်နှစ်ပြီး ချစ်နိုင်မှာပါ။ကျနော်တောင်းဆိုပါတယ်ဗျာ။ဒီတစ်နှစ်အတွင်းမှာ သူကျနော့်ကို လိုချင်လာအောင် ကျနော်ကြိုးစားမယ်။သူလိုချင်တဲ့ ပုံစံဖြစ်အောင် ကျနော်နေထိုင်မယ်။”
ကိုမင်းသစ်က ကျနော့်ကို ကရုဏာသက်စွာကြည့်ပြီး
"ကိုထက်အောင်ရယ်… ဝသန်က ခင်ဗျားကို
တကယ်ချစ်ပါတယ်။သူခင်ဗျားကိုမညာခဲ့ဘူး။
မလှည့်ဖြားခဲ့ဘူး။ဒါကို ကိုထက်အောင်ယုံပါ။
ကျနော် ဝသန့်အနားက တကယ်ရှောင်ပေးချင်ပါတယ်။
ဒါပေမယ့် အလုပ်သဘောအရ ပတ်သက်ရလိမ့်ဦးမယ်။ကတိပေးနိုင်တာတစ်ခုတော့ရှိတယ်။ကျနော် အခုချိန်အထိ ဝသန့်ကို ရဖို့ကြိုးစားတာမျိုးမရှိသေးဘူး။
အခု ခင်ဗျားရဲ့ တောင်းဆိုမှုအရ နောက်တစ်နှစ်အတွင်းလည်း ဒီအတိုင်းပဲ ဆက်နေမယ်။
တစ်နှစ်ပြည့်တဲ့အခါကျရင်တော့ ကျနော်လည်း
ကျနော့်ခံစားချက်အတိုင်း ရှေ့ဆက်မယ်။”
မပြတ်စဲခင် တစ်နှစ်အတွင်းမှာ ဝသန်လိုချင်တဲ့ ပုံစံမျိုးဖြစ်အောင် ပြောင်းလဲဖို့ ကျနော်ကြိုးစားခဲ့တယ်။
သူဘယ်လိုပုံစံလိုချင်လဲလို့လည်း တည့်တည့်မေးခဲ့တယ်။
"ဝသန် ဘယ်သူ့ကိုမှ ပုံမသွင်းချင်ဘူးမောင်။
လူဆိုတာ ကိုယ့်ဖြစ်တည်မှုနဲ့ကိုယ်၊ကိုယ့်ရွေးချယ်မှုနဲ့ ကိုယ်ပဲ။မောင့်ဖြစ်မှုအပေါ် ဝသန်မဝေဖန်ဘူး။
အပြစ်မတင်ဘူး။ဒီတော့ ဝသန့်ရွေးချယ်မှုကိုလည်း
မောင်လက်ခံပေးပါနော်။”
"ဘာကြောင့်လဲ ဝသန်ရယ်။ဘာကြောင့်လဲ။
မောင် ဝသန့်ကို ဘယ်လောက်အရူးအမူးချစ်တယ်ဆိုတာ ဝသန်သိရက်သားနဲ့ကွာ။ဝသန် မောင့်အပေါ် ရက်စက်ရက်လား။”
"မောင့်ကြိုးကြီးက ဝသန့်ကိုလာပတ်နေပြီမောင်။
ပြန်ရုပ်သိမ်းပေးပါ။ဝသန်မောင့်ကို ရည်ရွယ်ချက်ရှိရှိ ရက်စက်တာမဟုတ်ဘူး။အမုန်းတရားလည်း မရှိဘူး။
မောင့်အချစ်တွေ၊မောင့်အထိအတွေ့တွေဟာ ဝသန့်ကို သာယာစေခဲ့တယ်။အချိန်တစ်ခုအထိ မောင့်ကို ဝသန်အလိုရှိပါတယ်။ဒါ ဝသန့်ရဲ့ အတ္တသက်သက်ပါ။
ဒါကြောင့် မောင်ကြိုက်တဲ့အချိန်
လမ်းခွဲခွင့်ရှိတယ်လို့ဝသန်ခွင့်ပြုပေးခဲ့တာ။
မောင်နဲ့ ဝသန်က ပုံစံမတူဘူး။
လင်ယောကျာ်းအဖြစ် မောင့်ကို မြင်ကြည့်လို့
မရသေးဘူး။ဝသန်တို့က အံမဝင်ကြရုံပါမောင်။
ဒါမောင့်အမှား မဟုတ်ဘူး။”
"ကိုမင်းသစ်ကြောင့်လား ဝသန်”
"မောင့်ကို တည့်တည့်ပဲပြောမယ်ကွာ။ကိုမင်းသစ်မရှိလည်း မောင့်ကို ဝသန်လက်မထပ်နိုင်ဘူး။
မောင့်ကို ဝသန် အတိုင်းအတာတစ်ခုအထိ ချစ်ပါတယ်။ဒါပေမယ့် မောင့်ဆီမှာ ဝသန်နဲ့ မကိုက်ညီတဲ့
စိတ်ထားတွေများစွာရှိတယ်။ဒါကြောင့် မောင်နဲ့ ဝသန်တစ်သက်စာလက်တွဲဖို့ဆိုတာ မဖြစ်နိုင်ဘူး။”
"ဒါဆို ဝသန်မကြိုက်တဲ့ အချက်တစ်ချက်ကို
ပြောကြည့်။”
"ကောင်းပြီမောင်။မောင့်ကို ဝသန်မေးမယ်။
မောင့်ကို လမ်းခွဲဖို့ ဝသန့်မှာ အခွင့်ရေးရှိလားမရှိဘူးလား။”
ကျနော်ခေါင်းငိုက်စိုက်ကျသွားခဲ့ရသည်။
"ရှိပါတယ်ဝသန်ရယ်။”
"ဒါပဲလေမောင်ရဲ့။ဝသန်က ဝသန့်ရဲ့အခွင့်အရေးအတိုင်း မောင်နဲ့လမ်းခွဲမယ့်အကြောင်းကို အသိပေးတယ်။
တောင်းဆိုတာမဟုတ်ဘူးနော်။အသိပေးတာ။
မောင့်မှာ လက်ခံဖို့ကလွဲရင် အခြားမရှိဘူး။
အခုမောင်က အသည်းအသန်ငြင်းဆန်နေတယ်။
အဲဒါဝသန်မကြိုက်တဲ့ စိတ်ထားတွေထဲကတစ်ခုပဲ။”
"မောင့်အသည်းနှလုံးတစ်ခုလုံးကို
ဝသန့်ကိုပေးထားခဲ့တာဝသန်။ဝသန် အလွယ်တကူ
မစွန့်ပစ်သင့်ဘူး”
"ဟူး… မောင့်အသည်းနှလုံးဆိုတာဘာကြီးလဲ။
မောင် အတ္တကြီးပြီ အစွဲလန်းကြီးနေတာကို
ပြောတာလား။အခုမောင်ပြောနေတာ
မောင့်အတွက်ချည်းပဲ။ဝသန့်ဆန္ဒကို
ထည့်မစဉ်းစားဘူးလေ။”
"ဝသန်ကရော မောင့်ဘက်ကို ငဲ့လို့လား”
"တော်ပြီမောင်။မောင် တွေးတတ်ရင် စဉ်းစားကြည့်။
ဝသန့်ရဲ့ ငြင်းဆန်ခွင့်အတွက် ဝသန့်ရဲ့ ဆုံးဖြတ်ချက်တစ်ခုတည်းလိုတယ်။မောင့်ရဲ့ ရွေးချယ်ခွင့်အတွက်တော့ ဝသန်ရဲ့ သဘောတူမှုလည်းလိုသေးတယ်။”
"ဝသန်က မောင့်ကို အပျော်တွဲခဲ့တာလား”
ဝသန်က ခနဲ့ပြုံးလေးပြုံးပြီး
"ဟင့်အင်း… စိတ်အညစ်ခံပြီးတွဲခဲ့တာ”
"ဘာ”
(၃)
သူနဲ့ပြတ်စဲခါနီးရက်တွေမှာ ကျနော်ဟာ အရူးတစ်ယောက်လိုဖြစ်ခဲ့တယ်။သူဝန်မခံသည့်တိုင် သူ ကျနော်ကို ဖြတ်ဖို့ကြိုးစားတာဟာ ကိုမင်းသစ်ကြောင့်လို့ ကျနော် တစ်ထစ်ချယူဆထားဆဲပဲ။အကယ်၍ ကျနော်နဲ့ဝသန် အတူနေပြီးတဲ့အကြောင်းကို ကိုမင်းသစ်ကို ပြောလိုက်ရင် ဒီလူနောက်ဆုတ်သွားလောက်တယ်။
ဒါနဲ့ပဲ ကိုမင်းသစ်ကို ဖွင့်ပြောဖြစ်ခဲ့တယ်။
"ခင်ဗျား မရိပ်မိဘူးလား ကိုမင်းသစ်။ကျနော်နဲ့ ဝသန်က လွန်ပြီးသွားပြီ”
"ကိုထက်အောင် ခင်ဗျားက ပါးစပ်စည်းတော်တော် မစောင့်တဲ့သူပဲ။ဒီစကားကို ကျနော့်ကို လာပြောပြစရာလိုလား။ဝသန်တော်တော် လူရွေးမှားတာပဲ။
ဒီမှာ ကိုထက်အောင်။ခင်ဗျားနဲ့ ဝသန်နဲ့က ချစ်သူတွေလေ။အထိအတွေ့နီးစပ်မှုကနေ ဒီကိစ္စဖြစ်ကောင်းဖြစ်သွားနိုင်တာကို ကျနော်လက်ခံတယ်။ဒါပေမယ့်
ဒီအကြောင်းကို ခင်ဗျားလျို့ဝှက်ပေးထားရမယ်။
ကျနော်ကို ဒီလိုလာပြောလို့ ဝသန့်အပေါ် ကျနော့်
လေးစားမှု၊ခင်မင်မှုက ကျသွားမှာမဟုတ်ဘူး။
ခင်ဗျားကိုပဲ စိတ်ပျက်မိသွားတာ။”
ကျနော်မှားသွားမှန်းလည်း ကျနော့်ကို
ကျနော်သိပါတယ်။ဒါပေမယ့် ကောက်ရိုးတမျှင်ကို
သွေးရူးသွေးတန်းဆွဲမိသလိုမျိုး ဒီလူများ ဝသန့်အပေါ် စိတ်ပျက်သွားမလားဆိုပြီး ဖွင့်ပြောခဲ့ခြင်းပါ။
ဝသန့်အပေါ် နစ်နာစေလိုစိတ် ကျနော့်မှာ မရှိဘူး။
"ကျနော်တောင်းပန်ပါတယ်ကိုမင်းသစ်ရယ်။
ခင်ဗျားနောက်ဆုတ်ပေးပါ။”
"ကျနော်အခုချိန်အထိ ရှေ့မတိုးသေးဘူး ကိုထက်အောင်။
ဝသန်ကို ကျနော်က အရူးအမူးချစ်နေတဲ့သူတော့
မဟုတ်ဘူး။ဝသန်ကိုယ်တိုင်ကလည်း သူ့ကို အရူးမူးချစ်တာမျိုး အလိုမရှိဘူး။အဲဒါကို ခင်ဗျားသိလား။
ခင်ဗျားကြည့်ရတာ ရေမကူးတတ်တဲ့သူ
ရေနစ်နေသလိုပဲ။ခင်ဗျားက ရေပေါ် ပေါ်လာဖို့ ရည်ရွယ်ပေမယ့် ခင်ဗျားရဲ့ သွေးရူးသွေးတန်း ရုန်းကန်မှုတွေက ခင်ဗျားကို မြန်မြန်နစ်အောင် ဆွဲနှစ်နေတာ။
ကျနော်တစ်ခုကျိန်ရဲတယ် ကိုထက်အောင်။
ခင်ဗျားနဲ့ ဝသန်ကို ပြတ်စဲစေချင်တဲ့ စေတနာ
ကျနော့်မှာ မရှိဘူး။ခင်ဗျားတို့ လက်ထပ်ဖြစ်ကြမယ်ဆိုရင်လည်း ကျနော်က အေးဆေးပဲ။
ကျနော် ဝသန့်ကို သဘောကျနေတာကြာပြီ။
ဒါပေမယ့် ရပ်ကြည့်ရုံ ငေးကြည့်ရုံပဲ။
ခင်ဗျားရဲ့မကောင်းကြောင်းတွေပြောပြီး ခင်ဗျားကို
စွန့်ပစ်အောင် ကျနော်မလုပ်ဘူး။
အကယ်၍ ခင်ဗျားနဲ့ပြတ်ပြီးလို့ ဝသန်နဲ့ ကျနော် လက်တွဲဖြစ်ခဲ့ရင် ကျနော့်ကို ကျနော်လိပ်ပြာလုံတယ်။
ကြိုးပြတ်သွားတဲ့ စွန်လေးကို ကောက်ယူမိသူရဲ့
လိပ်ပြာလုံမှုမျိုးနဲ့ပဲ။သေချာတာတော့ ခင်ဗျားရဲ့
စွန်ကြိုးကို ကျနော်မဖြတ်ဘူး။”
"ကိုမင်းသစ်ရယ်… ကျနော် ဝသန့်ကိုဘယ်လောက်ချစ်တယ်ဆိုတာကို ခင်ဗျားတွေးကြည့်လို့တောင် ရမှာ
မဟုတ်ဘူး။ကျနော့်ဘဝမှာ ဝသန်မရှိတော့ရင်
ကျနော် ရူးသွားမလားမသိဘူးဗျာ။ခင်ဗျားတကယ်ပဲ
ကျနော်တို့ကို မပြတ်စဲစေချင်ဘူးဆိုရင် ကျနော့်အားနည်းချက်ကို ခင်ဗျားပြောပြပေးနိုင်မလား။
ဝသန့်ကျနော့်ကို ဘာကြောင့်ငြင်းသလဲလို့ ခင်ဗျား
ပြောပြပေးနိုငိမလား။”
"ပုဂ္ဂိုလ်ရေးဝေဖန်တာတော့ ကျနော့်ဝါသနာမဟုတ်ဘူး။ဒါပေမယ့် ကိုထက်အောင် တောင်းဆိုလို့
ကျနော် နားလည်သလောက် ပြောကြည့်မယ်လေ။
ဥပမာပေါ့ဗျာ … ကြက်ကင်ဖို့ မီးလိုတယ်ဆိုရင် မီးကို အတိုင်းအဆမဲ့လိုတာတော့မဟုတ်ဘူး။
လိုအပ်တဲ့အပူချိန်တစ်ခုရှိတယ်။အဲ့ဒိထက် ပိုလို့မရသလို လျော့လို့လည်းမရဘူး။လျော့ရင် မကျက်ဘူး။
ပိုရင် တူးသွားလိမ့်မယ်။ဒီလိုပဲပေါ့ဗျာ အရမ်းချစ်တယ်၊အရမ်းစွဲလန်းတယ်၊ဝေးလို့မဖြစ်ဘူး ဆိုတဲ့ ခင်ဗျားရဲ့အချစ်တွေဟာ မီးပြင်းတွေပဲ။မီးများလေ ကောင်းလေလို့ ခင်ဗျားထင်နေရင် သိပ်လွဲတဲ့အယူအဆပဲ။
ဝသန်ရဲ့သဘောသဘာဝကို ခင်ဗျားနားမလည်ခဲ့ဘူး။
တော်ကီသက်သက်နဲ့ ကြွေတယ်ဆိုတာ မနူးမနပ်လေးတွေပဲ ဖြစ်လိမ့်မယ်။ဝသန်က ခင်ဗျားထက်
အများကြီး ပိုတည်ငြိမ်တယ်။ပိုရင့်ကျက်တယ်။
ပိုလေးနက်တယ်။ဒါကို ခင်ဗျားလက်ခံရဲ့လား။”
"လက်ခံပါတယ်ကိုမင်းသစ်။အားမနာတမ်း
ဆက်ဝေဖန်ပါဦး။ခါးသက်သက်အမှန်တရားကို
ကျနော့်နားက ကြားရဲစပြုလာပြီ။”
"ခင်ဗျားက ခင်ဗျားရဲ့ အနေအထိုင်၊အပြုအမူကို ပြင်ဆင်လိုက်ရင် ဝသန် ပြန်စိတ်လည်လာမယ်လို့ ထင်နေပုံပဲ။တကယ်တော့ ခင်ဗျားက အမူအကျင့်ကို ပြင်ဖို့လိုတာမဟုတ်ဘူး။အရည်အချင်းကို ဖြည့်ဆည်းဖို့လိုအပ်နေတာ။ဝသန် ရွေးချယ်ချင်တဲ့ ယောကျာ်းတစ်ယောက်အရည်အချင်းမျိုး ခင်ဗျားမှာမရှိဘူး။
အထူးသဖြင့် ခင်ဗျားက ဘဝကို အတွေးအခေါ်နဲ့ ရှေ့ဆက်နေတာမဟုတ်ဘူး။ခံစားချက်နဲ့
ရှေ့ဆက်နေတာ။သူ့အခွင့်အရေး၊ကိုယ့်အခွင့်အရေးလောက်တောင် ခင်ဗျားနားမလည်ဘူး။ဝသန့်ကို လိုက်ပိတ်ပင်ဖို့ ခင်ဗျားကြိုးစားတယ်။ကျနော့်ကို ခင်ဗျားပိတ်ပင်ဖို့လည်း ခင်ဗျားကြိုးစားနေတယ်။
ခင်ဗျားက ခင်ဗျား အတ္တအတွက် အရှိတရားကို လက်ခံဖို့ ကြောက်ရွံ့နေတဲ့သူ။”
"ဆယ်နှစ်ဗျာ။ဆယ်နှစ်။သူနဲ့ကျနော်ရဲ့ ချစ်သူသက်တမ်းက ဆယ်နှစ်ရှိပြီ။သူက ကျနော့်နှလုံးသားထဲမှာ
အမြစ်စွဲနေပြီ။သူထွက်ခွာသွားရင် ကျနော့်နှလုံးသားက ဆုတ်ပြတ်ပြီး ကျန်ခဲ့မှာ။သူ ကျနော့်ကို
အပျော်တွဲရက်တယ်ဗျာ။”
"ကျနော်က အပျော်တွဲတယ်ဆိုတဲ့ စကားကို
သိပ်မကြိုက်ဘူးဗျ။နှိမ်သလိုလို ဝေါဟာရကြီးမို့လို့။
ဝသန်အပျော်တွဲခဲ့တာလားဆိုတာ
ခင်ဗျားကိုယ်တိုင်ပြန်စဉ်းစားကြည့်။
ဆယ်ကျော်သက်အရွယ်မှာ ခင်ဗျားကစပြ်ီး ချစ်ရေးဆိုခဲ့တယ်။သူက ခင်ဗျားအပေါ် ပြန်ရင်ခုန်လို့ လက်ခံပေးခဲ့တယ်။ဒါဟာ အပျော်လားဆိုရင် အပျော်ပဲ ကိုထက်အောင်။ဘယ်သူမှ စိတ်ညစ်ခံဖို့ရည်းစားမထားဘူး။
အေး… ခင်ဗျားဘက်က အတည်လို့ တွေးချင်တွေးမယ်။ဒါခင်ဗျားအခွင့်အရေးပဲ။ပြဿနာမရှိဘူး။
သူ့ဘက်ကလည်း ယာယီလို့ တွေးချင်တွေးမယ်။
ဒါလည်း သူ့အခွင့်အရေးပဲ။သူခင်ဗျားကို လက်ထပ်ပါမယ်လို့ တစ်ခါတောင် ကတိပေးခဲ့ဖူးလို့လား။
သူခင်ဗျားကို ညာခဲ့တာလည်းမဟုတ်သလို
လှည့်ဖျားခဲ့တာလည်းမဟုတ်ဘူး။
သူခင်ဗျားနဲ့ လမ်းခွဲချင်တာလည်း သူ့အခွင့်အရေးပဲ။”
"ဆယ်နှစ်ကြာ သံယောဇဉ်ကို မငဲ့တော့ဘူးလားဗျာ။
သူ့အပေါ်မှာ စွဲလန်းရူးသွပ်နေတဲ့ သူတစ်ယောက်ကို သူမငဲ့တော့ဘူးလား။”
"ခင်ဗျားက သနားစရာလည်းကောင်းသလို
စိတ်ပျက်စရာလည်း ကောင်းတဲ့လူပဲ။
ကိုယ်လက်မထပ်ချင်တဲ့သူကို သနားပြီးလက်ထပ်သင့်တယ်လို့ ခင်ဗျားထင်လား။”
"လက်မထပ်နိုင်ဘဲ ဘာလို့များ ဆယ်နှစ်လောက်
တွဲခဲ့သေးလဲဗျာ။ဒါ ကြိုးရှည်ရှည်နဲ့ လှန်တာမဟုတ်ဘူးလား။”
"သူ့ကို ဆယ်နှစ်တွဲပေးပါလို့ သူတောင်းဆိုခဲ့လို့လား။
ခင်ဗျား ဖြတ်ချင်တဲ့အချိန်ဖြတ်လို့ရတယ်လို့
သူအခွင့်အရေးမပေးခဲ့ဘူးလား။”
ကျနော် သက်ပြင်းကို ခပ်လေးလေးချပြီး ခေတ္တနှုတ်ဆိတ်နေလိုက်သည်။ကိုမင်းသစ်က ကျနော် ပြောလာမည့်စကားကို စိတ်ရှည်လက်ရှည်စောင့်ပေးနေတယ်။
"အချစ်ကို ခံစားချက်နဲ့ ပဲ ကျနော် ရှေ့ဆက်ခဲ့တယ်။
ဝသန်ရော ခင်ဗျားရော အချစ်ကို လက်တွေ့ကျကျ
စဉ်းစားတွေးခေါ်ပြီး ဆုံးဖြတ်ကြတယ်။
ကျနော်သိထားတဲ့အချစ်ဟာ ခံစားဖို့ပဲ မဟုတ်ဘူးလား။”
"အချစ်သက်သက်ဆိုရင်တော့ ခင်ဗျားမှန်ပါတယ်
ကိုထက်အောင်။အချစ်မှာ အချိန်ကာလမရှိ၊ဆင်းရဲချမ်းသာမရှိ။ကျနော့် အသက် ၃၃ရှိပြီ။ကျနော့်ဘဝမှာ
ရင်ကို လှုပ်ခပ်စေတဲ့အမျိုးသမီးများစွာနဲ့ဆုံဖူးတယ်။
ဆယ်တန်းနှစ်တုန်းက ဘီးကုပ်နဲ့ကောင်မလေး၊
ပထမနှစ်မှာ မျက်မှန်ဝိုင်းဝိုင်းနဲ့ကောင်မလေး၊
အင်းလေးသွားတုန်းက ရိုးရာအင်္ကျီဆိုင်က အင်းသူလေး၊ အများကြီးပဲဗျာ အများကြီးပဲ။ရုပ်ရှင်ထဲကလို
မဟုတ်တော့ သူတို့နဲ့ထပ်မဆုံဖြစ်ဘူး။
ကျနော့်ဘဝထဲ သူတို့ရောက်မလာကြဘူး။
ပြောရရင်ဗျာ လူငယ်အရွယ်မှာ ဘဝရေစီးကို ပြောင်းလဲပစ်ဖို့ကျနော်မစွမ်းဘူး။အင်းသူလေးရဲ့ အချစ်ကိုရဖို့ အင်းလေးမှာ ကျနော်သွားမနေနိုင်ဘူး။လုပ်စရာရှိတာတွေလုပ်ရင်း ကျနော်အသက်ကြီးလာတယ်။
ရင်ခုန်စေတဲ့အမျိုးသမီးများစွာနဲ့ တွေ့လိုက်
လွဲလိုက်နဲ့ပဲပေါ့။ကျနော်ရည်းစားစထားဖြစ်တော့
အသက် ၂၂နှစ်။၆လလောက် ပိုးပန်းခဲ့ရတယ်။
သူ့အချစ်ကိုရရင် ဘဝကြီးပြည့်စုံပြီလို့ ထင်ခဲ့ဖူးတယ်။
သူ့နောက်ကို မောကြီးပန်းကြီး ပြေးလိုက်ခဲ့တယ်။
ဒီလိုနဲ့ သူနဲ့ကျနော် ချစ်သူတွေဖြစ်သွားတယ်။
ဘာတွေ ပြောင်းလဲသွားလဲသိလား။
သူလိုချင်ခဲ့တဲ့သူက သူ့နောက်ကို မောကြီးပန်းကြီး
ပြေးလိုက်ခဲ့သူ၊သူ့ကို အရူးအမူးပိုးပန်းခဲ့သူကို
လိုချင်တာ။ကျနော်သူ့အချစ်ကို ရပြီဆိုတော့
ဘာကြောင့် ပြေးလိုက်ဖို့လိုဦးမလဲ။
သူကတော့ တစ်သက်လုံးပြေးလိုက်စေချင်ပုံပဲ။
သူလိုချင်တာထပ်မရတော့ ကျနော့်အပေါ်ငြူစူတယ်။ရစ်တယ်။ကောက်တယ်။ကျနော်သိထားတဲ့ ဖြူဖြူစင်စင်အမူအရာလေးတွေ သူ့ဆီမှာ ပျောက်ဆုံးသွားပြီး
စိတ်ပျက်စရာအမျိုးသမီးတစ်ဦးဖြစ်လာတယ်။
ယောကျာ်းတစ်ယောက်ရဲ့ ထာဝရအညံ့ခံမှုကို ရပိုင်ခွင့်လိုထင်နေတဲ့ အမျိုးသမီးတွေထဲက တစ်ယောက်ပေါ့။ဒါနဲ့ပဲ ကျနော်သူ့ကို လမ်းခွဲလိုက်တယ်။
ကျနော်သူ့အပေါ် ချစ်ခဲ့တယ်ဆိုတာ ညာတာမဟုတ်ဘူးကိုထက်အောင်။တကယ်ကို ပြင်းပြင်းရှရှ ချစ်ခဲ့တာမို့ ၆လလောက် ရူးရူးမူးမူးကြိုးစားခဲ့တာ။
အဲ့လိုပါပဲ ကျနော်သူ့ကို စိတ်ပျက်သွားတာလည်း
ညာတာမဟုတ်ဘူး။ဒီလိုနဲ့ သူနဲ့ကျနော် ပြန်ဝေးသွားတယ်။ပြန်ဝေးသွားပြီးမှ သူ့ကိုပြန်ကြည့်တော့ ပြန်လိုချင်လာပြန်ရော။အံ့သြစရာပဲနော်။ဒါပေမယ့် လက်ခံရလိမ့်မယ်။တချို့အရာတွေက အဝေးကကြည့်မှလှတာ။
အနီးကပ်ကြည့်လိုက်ရင် သိပ်မလှတော့ဘူး။”
"ကိုမင်းသစ်က ဘာကိုပြောပြဖို့ ကြိုးစားနေတာလဲ။”
"အချစ်အကြောင်းလေ။အခုကိုထက်အောင်က တစ်ယောက်တည်းကိုပဲ ကြုံခဲ့ရပြီး တစ်ယောက်တည်းကိုပဲ ချစ်ခဲ့တာမဟုတ်လား။ကျနော်ထပ်ပြောမယ်နော်။
နောက်တစ်ယောက်နဲ့ကျတော့ ကျနော်အသည်းကွဲတယ်။အသဲကွဲတယ်လို့ ထင်တယ်ပေါ့ဗျာ။
ကျနော် ၂၄နှစ်လောက်မှာ ဆွဲဆောင်မှုရှိတဲ့ အမျိုးသမီးတစ်ဦးနဲ့ ချစ်သူဖြစ်တယ်။သူ့အချစ်ကိုရဖို့တော့ သိပ်မကြိုးစားရပါဘူး။ရင်းနှီးအောင်နေတယ်။
ဖုန်းနံပါတ်တောင်းတယ်။Dateလုပ်တယ်။ချစ်ရေးဆိုတယ်။သူအဖြေပြန်ပေးတယ်။ပါးကိုနမ်း၊နှုတ်ခမ်းကို
နမ်းတဲ့အဆင့်ကတော့ တစ်ပတ်အတွင်းရတယ်။
သူက ကျနော့်စိတ်တွေ တောက်လောင်လာအောင် ညှို့နိုင်စွမ်းရှိတယ်။သူနဲ့ အခန်းထဲတော့ မရောက်ဖြစ်ဘူး။ကျနော် သူ့ကို အရမ်းမွတ်သိပ်တောင့်တလာတယ်။စွဲလန်းလာတယ်။ဒါကိုပဲ အရမ်းချစ်တယ်လို့
ကျနော်ထင်မိလာတယ်။ဒါပေမယ့်ဗျာ သူအလုပ်ကိစ္စနဲ့ ခရီးထွက်သွားပြီး ပြန်ပေါ်မလာဘူး။ကျနော်ဖုန်းခေါ်တော့ နှစ်ပတ်လောက်ကိုင်သေးတယ်။
နောက်ကျတော့ ကျနော့်ဖုန်းကို black listလုပ်ပစ်လိုက်တယ်။တစ်လအကြာမှာ ကျနော့်ဆီဖုန်းဝင်လာပြီး လမ်းခွဲတဲ့အကြောင်း အသိပေးတယ်။
အဲ့ဒိအချိန်တုန်းက ကျနော့်ကို ကျနော် သက်သေဖူးတယ်။အိပ်ဆေးတွေ သောက်ပစ်တယ်။ဆေးရုံအမီ ပို့နိုင်လို့ မသေခဲ့တာပေါ့။အဲဒိတုန်းကသာ သေသွားခဲ့ရင် အချစ်ကြောင့် အသေခံရဲတဲ့ သူရဲကောင်းတစ်ဦး ပေါ်လာမှာပဲ။ကျနော်အမေဆို အဲဒိအမျိုးသမီးကို အရမ်းမုန်းတာ။ကျနော့်အဖေကတော့ ကျနော့်ကို မေးခွန်းတစ်ခုနဲ့ ကုသပေးခဲ့တယ်။
"မင်း အသက်ပေးပြီး ချစ်ရတဲ့ အကြောင်းပြချက်က ဘာလဲ”တဲ့။
ဟုတ်တယ်ကိုထက်အောင်။သူ့အတွက်အသက်ပေးရလောက်အောင် သူ့ကျေးဇူးကျနော်အပေါ်ဘာရှိလို့လဲ။
သူကျနော့်အပေါ် ဘယ်လောက်ကောင်းဖူးလို့လဲ။
ဒါပေမယ့် ကျနော် သူ့ကို စိတ်လည်းမနာဘူး။
ကျနော်သတ်သေတာသူ့ကြောင့်မဟုတ်ဘူး။
ကျနော် စိတ်နုလို့၊ကျနော်ခံနိုင်ရည်နည်းလို့၊ကျနော်
အစွဲအလန်းကြီးလို့ပဲ။ဘယ်သူမပြု မိမိမှုပေါ့ဗျာ။
ကျနော်ရချင်တဲ့အရာတွေမရခဲ့လို့ စိတ်ပျက်လွန်
စိတ်ဓာတ်ကျလွန်ပြီး သတ်သေခဲ့တာလေ။
အကယ်၍ ကျနော့်လက်ရှိအခြေအနေကို မပြဘဲ
ဆေးသောက်သတ်သေတဲ့ အချိန်အထိကိုပဲပြမယ်ဆိုရင် အသဲကွဲ ရုပ်ရှင်တစ်ခုတောင် ဖြစ်နိုင်သေးတယ်။
နောက်တစ်ယောက်ကျတော့ အသက် ၃၀လောက်မှာ တွေ့ခဲ့ရတာ။သူနဲ့ကျတော့ အတူနေဖြစ်တဲ့အထိ
ပတ်သက်မှုရှိခဲ့တယ်။ယူဖို့အစီအစဉ်လည်းရှိတယ်။
ဒါပေမယ့် ညှိနှိုင်းမရတဲ့ အယူအဆအချို့ကြောင့်
နှစ်ဦးသဘောတူ လမ်းခွဲခဲ့တယ်။အခုချိန်အထိ
ခင်ခင်မင်မင်နဲ့ ဆက်ဆံနေတုန်းပဲ။
အဲ့ဒိနောက်ပိုင်းတော့ ရည်းစားထပ်မထားဖြစ်ဘူး။
အမျိုးသမီးအချို့နဲ့တော့ နှစ်ဦးသဘောတူ
အတူနေဖူးတယ်။ဒါကျနော့်အဖြစ်အပျက် အကျဉ်းချုပ်ပေါ့။ Romantic ဆန်တဲ့အချစ်တွေက သမီးရည်းစားအထိပဲ အကျုံးဝင်တယ်။လက်ထပ်ပြီး နောက်ပိုင်းမှာတော့ ဘဝနဲ့ဆိုင်တဲ့ အရည်အချင်းတွေကသာ
အိမ်ထောင်ရေးကို သာယာစေမှာ။
နားလည်မှု၊စိတ်ရှည်မှု၊သည်းခံမှု၊ကိုယ်စွမ်းကိုယ်စ
စတာတွေပေါ့ဗျာ။ရိုမီယိုနဲ့. ဂျူးလိယက် အသေအလဲ ချစ်ခဲ့ကြတယ်။သူတို့လက်ထပ်ဖြစ်ခဲ့ရင် တစ်ကမ္ဘာလုံးက ပရိတ်သတ်တွေ အပျော်ကြီး ပျော်ကြမှာ။
မေးကြည့်ချင်တာက လက်ထပ်ပြီးနောက်
ဘာဆက်ဖြစ်မှာလဲ။ရိုမီယိုရဲ့ အားသာချက်တွေက ဘာတွေလဲ။မဖော်ပြထားဘူး။ဂျူးလိယက်ကို ရူးရူးမူးမူးချစ်တဲ့ လူချောလေးဆိုတာကလွဲရင် ကျန်တာ
မဖော်ပြထားဘူး။
ဝသန်ကလည်း ခင်ဗျားကို ချစ်သူအဖြစ်တော့
လက်ခံနိုင်ခဲ့တယ်။လင်ယောကျာ်းအဖြစ်တော့
မရွေးချယ်ချင်ဘူး။ဒါသူ့အခွင့်အရေးလေ။
ကျနော်သာ ခင်ဗျားနေရာမှာဆိုရင် မကြည်ဖြူသည့်တိုင် လက်ခံပေးလိုက်မှာပဲ။သူခင်ဗျားကို ပေးနိုင်သလောက်ပေးခဲ့တယ်။သူမပေးချင်တာကို ဘာလို့ ဇွတ်တောင်းနေမှာလဲ ကိုထက်အောင်။”
"ကျနော် သိပ်မှားနေပြီလား ကိုမင်းသစ်။”
"ခင်ဗျားလို အချစ်မျိုး၊အပြုအမူမျိုးကိုမှ သဘောကျပါတယ်ဆိုတဲ့ အမျိုးသမီးတွေ ရှိနေမှာပါ။
ဒါကြောင့် ခင်ဗျားမမှားဘူး။
ဝသန်ကတော့ ခင်ဗျားရဲ့ typeကို လင်ယောကျာ်း
အဖြစ် မရွေးချယ်လိုဘူး။ဒါကြောင့် ခင်ဗျားမှားတယ်။
ခင်ဗျားရဲ့ life styleကို ခင်ဗျားကြိုက်သလို ရွေးချယ်မယ်ဆိုရင် ခင်ဗျားရဲ့ ကြင်ဖော်ကိုတော့ ခင်ဗျားနဲ့ ကိုက်ညီမယ့် သူကိုရွေးချယ်ရမယ်။
အကယ်၍ ခင်ဗျားရဲ့ ကြင်ဖော်ကို ခင်ဗျားကြိုက်တဲ့သူကို ရွေးချယ်ချင်ရင် ခင်ဗျားရဲ့ life styleကို ခင်ဗျားရဲ့ ကြင်ဖော်နဲ့ ကိုက်ညီမယ့်အရာကို ရွေးရမယ်။
ဝသန်ကတော့ ခင်ဗျားရဲ့ life styleကိုမကြိုက်ဘူး။
ကျနော်ပြောတာ ရှင်းရဲ့လား။”
"ဟား… ရယ်စရာပဲနော်။ကိုယ့်ချစ်သူကို လုမယ့်လူဆီက ဒဿနတွေကို လိုလိုချင်ချင်နဲ့ ကြားနာနေမိတာကိုက ရယ်စရာပဲ။ဘာပဲဖြစ်ဖြစ်ပါ။ကျနော် ခင်ဗျားကို သဘောကျတယ်ကိုမင်းသစ်။မနာလိုလည်း ဖြစ်မိတယ်။ဒါနဲ့ ဝသန့်ကို ခင်ဗျားတကယ်ချစ်ရဲ့လား။”
"ကိုထက်အောင် လောက်တော့ ဘယ်ချစ်နိုင်ပါ့မလဲဗျာ။ဒါပေမယ့် ဝသန်ရဲ့ အရိပ်အငွေ့လေးကို ကျနော်
နှစ်သက်တယ်။သူနဲ့ နီးစပ်နေရတာလည်း ပျော်တယ်။
ခင်ဗျားချစ်သူမှန်းသိရက်နဲ့ကို သဘောကျမိတာနော်။
ချစ်နေဖို့တော့ အခြေအနေအချိန်အခါမလိုဘူးလေ။
ဒါပေမယ့် ဖွင့်ပြောဖို့၊ကမ်းလှမ်းဖို့ကျတော့ အခြေအနေအချိန်အခါလိုလာပြီ။လူ့ကျင့်ဝတ်တွေလိုလာပြီ။
ဒါကြောင့် ချစ်နေရုံနဲ့ပဲ ကျနော်ရောင့်ရဲခဲ့တယ်။
ခံစားချက်ကိုတော့ အပြစ်မတင်နဲ့ပေါ့ဗျာ။
ကျင့်ဝတ်ပိုင်းတော့ ကျနော်အထားအသိုမမှားခဲ့ဘူး။”
"ဝသန့်ဆီက အချစ်ကိုရဖို့ရော ခင်ဗျားကြိုးစားမှာလား”
"ကိုထက်အောင် ခင်ဗျားစိတ်ထဲ နာကျင်နေသေးလား။”
"အေးဆေးဖြစ်သွားပါပြီ။ဒါပေမယ့် ဝသန့်အပေါ် မေတ္တာရှိသေးတယ်။ဘယ်တော့မှ ပျက်မှာမဟုတ်တဲ့
မေတ္တာမျိုး။ငါပိုင်ဆိုင်မှ ဖြစ်မယ်ဆိုတဲ့အတ္တနဲ့ အစွဲအလန်းကိုတော့ ကျနော် ချန်ရစ်ခဲ့ပြီ။
ဒါကြောင့် ဝသန်ပေါ်ထားမယ့် ခင်ဗျားရဲ့ ကောင်းတဲ့ သဘောထားလေးတွေသိချင်တယ်။”
"ဝသန့်အချစ်ကိုရဖို့ ကျနော်ကြိုးစားမှာပါ။
အကယ်၍ ချစ်သူဖြစ်ခွင့်ရခဲ့ရင်
သူလိုချင်သလောက် အလိုလိုက်မယ်။
သူသည်းခံနိုင်သလောက်သဝန်တိုပြမယ်။
သူအချိန်ပေးနိုင်သလောက် သူ့နားကပ်မယ်။
ဒါပေမယ့် ဝသန်ရဲ့အချိန်အများစု သူ့အလုပ်အတွက်ပဲမို့လို့ ကျနော်နားလည်ပေးနိုင်ဖို့လည်း ကြိုးစားမှာပါ။”
"တစ်ဖက်သက်ပေးဆပ်မှုနဲ့ချစ်မှာလား”
"ဘယ်ဟုတ်ပါ့မလဲဗျာ။ကျနော်ကို လည်း သူပြန်ပေးဖို့လိုတာပေါ့။အပြန်အလှန်ရှိမှ relationshipတစ်ခုက
အဆင်ပြေမှာလေ။”
"အေးဗျာ… ကံကောင်းပါစေ။
ကျနော်လည်း အချစ်ကိုမရှာသေးဘဲ ကိုယ့်ကိုယ်ကို အရင် တည်ဆောက်ဦးမယ်။ကျနော့်ဘဝရည်မှန်းချက် ဘာလဲဆိုတာ ရှာဖွေရဦးမယ်။အရည်အချင်းနည်းတဲ့ လက်တွေနဲ့ ထူထောင်မယ့်ဘဝထဲ ဘယ်မိန်းကလေးက ပူးပေါင်းချင်မှာလဲ။”
လူကြီးလူကောင်းဆန်စွာ သဘောထားကြီးပြခဲ့ပေမယ့် နှလုံးသားကတော့ ကလေးဆန်စွာ နာကျင်ကြေကွဲခဲ့တယ်။မထိုက်တန်လို့ ပိုင်ဆိုင်မရှိခဲ့တဲ့ပန်းပါ။
မင်းရနံ့လေးတွေ ငါလွမ်းဆွတ်နေပါ့မယ် ဝသန်။
အခွင့်ရှိရင် ကောင်းကောင်းရဲ့ "ပျော်နေပါ”ဆိုတဲ့ သီချင်းလေးကို ဂစ်တာတစ်လက်နဲ့ တီးခတ်သီဆိုပြချင်ပါရဲ့ ချစ်ဦးသူ။
#crd