(မိန်းကလေးတွေမဖတ်ရ)
ချစ်လည်းချစ် စိတ်ဒုက္ခလည်း အရောက်ရဆုံးပြဿနာဆိုရင် အဲဒါ လိင်တံအရွယ်အစားနဲ့ပတ်သက်တဲ့ ကိစ္စဆိုတာ သေချာတယ်။ တစ်ရက်ကို ၂၈၆ခေါက်လောက် ကြီးအောင် ဘယ်လိုလုပ်ရမလဲဆိုတာပဲ လာမေးကြတယ်။ ဒီကနေဖြေရရင် အလွယ်ဆုံးနည်းလမ်းကတော့ သကြားကိုရေပျစ်ပျစ်ဖျော်လိုက်။ ပြီးရင် အဲဒီသကြားရည်နဲ့ ကိုယ့်ဟာကိုယ်သုတ် ပုရွက်ဆိတ်အနီတွေရှိတဲ့နေရာ ခဏထားလိုက်။ နည်းနည်းတော့ နာမယ် ပြီးရင်တော့ သုံးလေးနာရီလောက်ခံတဲ့ လိင်တံကြီးရလာလိမ့်မယ်။ ဘာမှတော့ လုပ်လို့ရမယ်မထင်ဘူး။ ဟိဟိ
ခင်ဗျားတို့နှယ်ခက်ပါတယ်ဗျာ။ ခွဲစိတ်ဆရာမလိုဘဲ ဘေးကင်းပြီး အမှန်တကယ်အလုပ်ဖြစ်တဲ့ လိင်တံကြီးစေတဲ့နည်း ဆရာဝန်တွေသိမှတော့ သူတို့ကိုယ်တိုင် အယ်စတုံကြီးတွေ ဖြစ်နေကြမှာပေါ့။ ကျွန်တော်တောင် အယ်စတုံကြီးမဟုတ်ဘူး။ အိုကေနော်။
ပြဿနာက ကိုယ့်ကိုယ်သိမ်ငယ်နေတဲ့ အထန်ကောင်တွေဟာ ဆေးပေါင်းစုံဝယ်သောက်တာ၊ ဆေးလိမ်းတာ၊ စက်တွေနဲ့ကျင့်တာတွေကနေ ဆေးထိုးတာ၊ ဂေါ်လီထည့်တာလိုမျိုး အင်မတန်အန္တရာယ်များတဲ့ ခွဲစိတ်မှုတွေအထိ လုပ်ကြတဲ့နောက် သောက်ရမ်းရုပ်ဆိုး အော်ဂလီဆန်စရာကောင်းတဲ့ ပုံပျက်ပန်းပျက် လဗျွတ်ကြီးတွေဖြစ်ရင်ဖြစ် ဒါမှမဟုတ် ပိုးဝင်အသားတွေပုပ်ကုန်ပြီး တိုနန့်နန့်လေးတွေနဲ့ ခွေးပစ်တဲ့တုတ်လောက်လေးတွေ ဖြစ်ကုန်တာပါပဲ။
လိင်တံကြီးချင်ရတဲ့ ပြဿနာက စိတ်မလုံခြုံတာကနေလာတယ်။ ဘယ်လိုလဲဆိုတော့ အကြောင်းရင်း သုံးခုရှိတယ်။
၁။ ပိုပြောတဲ့ငနဲသားတွေ
လိင်တံကြီးမားမှုက ယောက်ျားပီသမှုနဲ့အချိုးကျတယ်လို့ ထင်ကြတဲ့နောက်မှာ သူကောင့်သားတွေဟာ ကိုယ့်ဆိုဒ်ကိုယ်ပိုပြောကြတော့တာပါပဲ။ ယောက်ျားလေးတွေရဲ့ ၈၀ ရာခိုင်နှုန်းကျော်ဟာ သူတို့ဆိုဒ်ကို အနည်းဆုံး လက်မဝက်ကနေ တစ်လက်မခွဲလောက်တော့ ပိုပြောကြတယ်တဲ့။ ဆိုတော့ သူငယ်ချင်းနှစ်ယောက်တွေ့ကြတယ်။ ထွေရာလေးပါးပြောရင်း တစ်ကောင်က သူ့ဟာ ငါးလက်မလောက်ကို ခြောက်လက်မလို့ ကြွားပြောတယ်။ နောက်တစ်ကောင်ကလည်း ငါးလက်မကျော်ကျော်လေးကို ငါလည်း ခြောက်လက်မပဲကွလို့ပြောတယ်။ အိမ်လည်းပြန်ရော နှစ်ယောက်လုံး သိမ်ငယ်ပြီး ပြန်သွားရော။ ဟိုကောင်က ကြီးလှချည်လားဆိုတဲ့အတွေးနဲ့။ အမှန်တော့ နှစ်ယောက်လုံးက အတူတူလောက်။ ဒါပေမယ့် လိမ်ပြောကြလွန်းတော့ ကိုယ့်ဟာက သေးတယ်လို့အထင်ရောက်လာကြရော။ တကယ်တမ်းမှာ လိင်တံရဲ့ အရွယ်အစား တစ်ကမ္ဘာလုံးဆိုင်ရာ ပျမ်းမျှဟာ ထောင်မတ်နေချိန်မှာ ၅ လက်မကနေ ၇ လက်မကြားပါပဲ။ လူတစ်ယောက်တည်းမှာတောင် တိုင်းတာတဲ့အနေအထား အပူချိန် စိတ်ပိုင်းဆိုင်ရာတွေပေါ်မူတည်ပြီး ထောင်မတ်အရွယ်အစားက ကွဲပြားနိုင်ပါသေးတယ်။
၂။ ကြည့်တဲ့မြင်ကွင်း
ဓာတ်ပုံရိုက်တဲ့သူတွေဆိုသိလိမ့်မယ်။ လူတွေကို ဓာတ်ပုံထဲအရပ်ရှည်စေချင်ရင် အောက်ကနေ ပင့်ရိုက်ရတယ်။ ပုစေချင်ရင် အပေါ်ကနေ မိုးရိုက်ရတယ်။ ဒီသဘောပဲ။ ကိုယ့်ဟာကိုယ်ကြည့်တဲ့အခါ အပေါ်က မိုးကြည့်ရတော့ သူ့နဂိုအရွယ်အစားထက် သေးတယ်လို့ထင်ရတယ်။ ကိုယ့်ပါတနာကို အောက်ကနေကြည့်ခိုင်းကြည့်။ ဒါမှမကျေနပ်သေးရင် အောက်ကနေ ဓာတ်ပုံရိုက်ကြည့်၊ မှန်ထောင်ကြည့်။ အယ်စတုံကြီးဖြစ်နေမှာ တွေ့ရလိမ့်မယ်။
၃။ အပြာကား
ယောက်ျားလေးမှန်ရင် ၉၉ ရာခိုင်နှုန်းက အပြာကားကြည့်တယ်။ ကျန်တဲ့ ၁ ရာခိုင်နှုန်းက မကြည့်ဘူးဆိုပြီး လိမ်တဲ့ကောင်တွေ။ ဆိုတော့ အပြာကားဟာ တကယ့်လက်တွေ့မဟုတ်ဘူး။ ဖျော်ဖြေရေးအတွက်သက်သက်ပဲ။ လူကအစရွေးထားရတာ။ ရုပ်ရှင်ကြည့်တဲ့အခါ ဖြစ်ပျက်နေတာတွေက အပြင်နဲ့မတူသလိုပေါ့။ ဒါပေမယ့် ယောက်ျားလေးတွေက အပြာကားထဲက အယ်စတုံကြီးတွေမြင်တဲ့အခါ ကိုယ့်ဟာကိုယ် အလိုလိုသိမ်ငယ်နေရော။
ဒီအချက် သုံးချက်ကြောင့် အဓိက အမျိုးသားထုကြီးဟာ သူတို့ဟာ သူတို့ သေးငယ်နေတယ်လို့ ထင်ကြပါတယ်။ နောက်ထပ် ပြောချင်တာက လိင်တံအရွယ်အစားက ဘယ်လောက်ထိ အရေးပါနေလို့လဲဆိုတဲ့အကြောင်းပါ။
၁။ အမျိုးသမီးတွေက စိတ်တိုင်းကျတယ်
ခင်ဗျားတို့သာ ကိုယ့်ဟာကိုယ် သိမ်ငယ်နေတာ အမျိုးသမီးတွေရဲ့ ၈၅ ရာခိုင်နှုန်းကတော့ သူတို့ပါတနာရဲ့ အရွယ်အစားနဲ့ပတ်သက်လို့ စိတ်ကျေနပ်မှုရှိပါတယ်တဲ့။ အံ့ဩစရာကောင်းလောက်အောင်ပဲ ယောက်ျားတွေကတော့ ၅၅ ရာခိုင်နှုန်းကပဲ သူတို့ရဲ့အရွယ်အစားနဲ့ပတ်သက်လို့ စိတ်ကျေနပ်မှုရှိကြတယ်။ ကျန်တဲ့ ၄၅ရာခိုင်နှုန်းက ကြီးချင်နေတုန်းပဲတဲ့။ သိပ်စိတ်ပူမနေနဲ့ မင်းဘယ်လောက်ကြီးကြီး မင်းဟာက ကလေးခေါင်းလောက်တော့ မကြီးတာသေချာတယ်။ မိန်းမတွေရဲ့ မိန်းမကိုယ် ဆံ့နိုင်အားက ကလေး ခေါင်းတစ်လုံးစာ ဆံ့တယ်။ သဘောပေါက်တယ်နော်။ ကြီးမှအဆင်ပြေမယ်လို့ ထင်မနေနဲ့။
၂။ မှော်နှင်တံရဲ့ အရွယ်အစားထက် မှော်ပညာက ပိုအရေးကြီးတယ်။
ဟယ်ရီပေါ်တာထဲက အမှောင်သခင်ကြီး ဗော်လ်ဒီမော့ကိုင်တဲ့ မှော်နှင်တံကိုတွေ့လား။ ပုံမှန်ဆိုဒ်နော်။ တခြားမှော်နှင်တံတွေတောင် သူ့ထက်ကြီးသေးတယ်။ ဒါပေမယ့် အမှောင်သခင်ကြီးက အကုန်လုံးကို ပတ်ကျွေးလို့ရတယ်နော်။ ဘာလို့လဲဆိုတော့ သူ့မှော်နှင်တံအရွယ်အစားထက် သူ့ရဲ့မှော်ပညာက အရေးကြီးတာကိုး။ လက်တွေ့ဘဝမှာလည်း ဒီလိုပါပဲ ဆရာသမားတို့။ မှော်နှင်တံဘယ်လောက်ကြီးကြီး မှော်ပညာမရှိရင်တော့ အလကားပဲ။ အဲဒီအတွက် ဘာတွေက အရေးပါလဲဆိုတော့ နူးညံ့မှု၊ ကြင်နာမှု၊ နှစ်ဦးနှစ်ဖက် အပေးအယူမျှတမှု၊ အပြန်အလှန် ဆက်သွယ်ပြောဆိုမှုလိုမျိုး စိတ်ပိုင်းဆိုင်ရာ ပတ်သက်ဆက်နွယ်မှုတွေအပြင် အမောခံနိုင်မှု၊ ကျန်းမာရေးကောင်းမွန်မှုအစရှိတဲ့ ရုပ်ပိုင်းဆိုင်ရာတွေကပါ အရေးပါပါတယ်။ လိင်မှုကိစ္စဆိုတာက တစ်ခုတည်းနဲ့ ပြီးသွားတဲ့အရာမျိုးမဟုတ်ဘူးလေ။
၃။ စိတ်ဖိစီးမှုနဲ့ လိင်တံကြီးဆေးတွေရဲ့ အန္တရာယ်
ကိုယ့်ဟာကိုယ် သေးလွန်းတယ်လို့အထင်ရောက်တာရယ် အမျိုးသမီးတွေက ကြီးမှကြိုက်တာလို့ ထင်တဲ့အထင်ရယ်ပေါင်းပြီးတော့ ဆရာသမားတို့ဟာ စက်နဲ့ကျင့်၊ သောက်ဆေး၊ လိမ်းဆေး၊ ထိုးဆေးနဲ့ နောက်ဆုံး ခွဲစိတ်ပြုပြင်မှုတွေ လုပ်ကြပါတော့တယ်။ ပြဿနာက ဒီလိုတွေရှိတယ်။
- လက်တွေ့မှာ လိင်တံကြီးဆေးဆိုပြီး သတ်မှတ်ထားတဲ့ဆေးဝါးမရှိဘူး။ ဗိုက်ယာဂရာလိုဆေးဝါးတွေဟာ ထောင်မတ်မှုကိုပဲ အကူအညီပေးတာဖြစ်ပြီး ကြီးအောင် မလုပ်နိုင်ဘူး။ လိင်တံကြီးဆေးဆိုပြီး ရောင်းနေတာတွေမှန်သမျှဟာ အထောက်အထားမရှိတာတွေဖြစ်နေတယ်။
- လေစုပ်စက်သုံးပြီးကျင့်တာက အခိုက်အတန့်ကြီးသယောင်ဖြစ်နိုင်ပေမယ့် ရေရှည်မရဘူး။ အဲဒါအပြင် အသားတွေနဲ့ အကြောတွေ ထိခိုက်တာဖြစ်နိုင်တယ်။
- ဆီလီကွန်ထိုးတာ ဂေါ်လီထည့်တာက ဆရာဝန်တွေမလုပ်ပေးဘူး။ အပြင်က တတ်ယောင်ကားကောင်တွေပဲလုပ်ကြတယ်။ ဖြစ်သွားတဲ့ရုပ်ကြီးက ကျက်သရေ အဖြာဖြာတုံးတယ်။ ချောချောမွေ့မွေ့မရှိတော့ဘဲ ငရုတ်ကျည်ပွေ့ကြီးလိုလို ပြည်ဖုတွေပေါက်နေတဲ့ ပြောင်းဖူးရိုးကြီးလိုလိုနဲ့ အင်မတန်ရုပ်ဆိုးတယ်။ နောက်ဆက်တွဲကတော့ ပိုးဝင်ပြီး ပြည်တည်တာနဲ့ အမာရွတ်ကြီးတွေဖြစ်ကုန်တာပဲ။ ပြန်ခွဲစိတ်တဲ့အခါ လိင်တံက ရုပ်ပျက်ဆင်းပျက်ဖြစ်သွားတဲ့အပြင် အခန့်မသင့်ရင် ဖြတ်ရလို့ အဲဒီတော့မှ တကယ်တိုနန့်နန့်လေးဖြစ်ကျန်ခဲ့နိုင်တယ်။
- လိမ်းဆေးဆိုလည်း ဒုံရင်းပါပဲ။ ပြောင်ပြောင်လက်လက်နဲ့ဆိုတော့ ကြီးသယောင်ထင်ရပေမယ့် နောက်ဆုံးမှာတော့ ဒီမောင်က ဒီမောင်ပဲ။ ထူးပြီးမစွမ်းပါ။
အချုပ်ပြောရရင်တော့ အများစုယောက်ျားတွေက ကိုယ့်ဘာသာထင်နေသလောက် မသေးကြပါ။ ကိုယ့်ဘာသာ မသိမ်ငယ်နေပါနဲ့။ တတ်ယောင်ကားတွေနဲ့ လျှောက်မလုပ်ပါနဲ့။ ပိုက်ဆံကုန် ကိုယ့်ညီလေးလည်း ထိခိုက် ဘာဆိုဘာမှမကောင်းပါဘူး။